နေပြည်တော် ၅ ဧပြီ

 

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ တွေ့ရှိပြီးနောက် အခြေခံစားသောက်ကုန်ပစ္စည်များ ဝယ်လိုအားများခဲ့ပြီး ကုန်စျေးနှုန်း အနည်းအငယ် မတည်မငြိမ်ဖြစ်ခဲ့သော်လည်း ယနေ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စျေးကြီးများတွင် အခြေခံစားသောက်ကုန်ပစ္စည်း စျေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ကုန်စည်များ ပုံမှန်ရောင်း ဝယ်ဖောက်ကားလျက်ရှိသည်။

 

နေပြည်တော် သပြေကုန်းစျေးတွင် ပုံမှန်နေ့များကဲ့သို့ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ လုံလုံလောက်လောက် ရောင်းချပေးနိုင်သည့် အခြေအနေရှိကြောင်း စျေးဆိုင်ရှင်များထံမှ သိရသည်။

 

အသားငါးရောင်းသူ ဒေါ်သူဇာဝင်းက “အခုက အသားငါးတွေ ဝယ်ရတဲ့စျေးရော ပြန်ရောင်းချတဲ့စျေးပါ အရင်လိုပုံမှန်ပါပဲ။ COVID-19 ရောဂါနဲ့ပတ်သက်ပြီး စျေးမှာ အသိပညာပေးတာတွေရှိပါတယ်။ အရပ်ထဲက ပြောစကားတွေကြောင့် တစ်ခါတလေ စိုးရိမ်စိတ်ဖြစ်တဲ့အခါလည်း ရှိပါတယ်။ စားဝတ်နေရေးကြောင့် ပုံမှန်တော့ စျေးထွက်ရောင်းပါတယ်” ဟုပြောသည်။

 

ထို့အတူ ပျဉ်းမနားမြို့ အာဟာရသုခစျေးတွင်လည်း အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ သားငါးနှင့် ကုန်ခြောက်ပစ္စည်းများကို လက်လီလက်ကား ပုံမှန်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး စျေးနှုန်းအတတ်အကျ ကွာဟမှုသိပ်မရှိကြောင်း ပွဲရုံပိုင်ရှင်များကပြောသည်။

 

အာဟာရသုခစျေးတွင် ကုန်မျိုးစုံရောင်းချနေသည့် ဦးတင်မောင်ဆွေက “ဆိုင်မှာတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ အခြားအခြေခံ စားသောက်ကုန်တွေကို ပုံမှန်စျေးနှုန်းအတိုင်းပဲ ရောင်းချပေးနေပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲအမျိုးမျိုးကို အရင်အတိုင်းပဲ မှာယူရတာလွယ်ကူနေပါတယ်။ ပြတ်လပ်ဖို့လည်း မရှိနိုင်ပါဘူး။ ပုံမှန်စျေနှုန်းအတိုင်း ရောင်းချဖို့ ညွှန်ကြားထားပါတယ်” ဟုပြောသည်။

 

နေပြည်တော် သပြေကုန်းစျေးအပါအဝင် ပျဉ်းမနား အာဟာရသုခစျေးနှင့် Juction Center တို့တွင် Face Mask ၊ Hand Gel ၊ Dettol နှင့် အရက်ပျံများ ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရပြီး Face Mask တစ်ခုလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိ ပေးရသည့်အတွက် ငွေကြေးအရ လူတိုင်းသုံးစွဲရန် မတတ်နိုင်သည့်အနေအထားဖြစ်ကြောင်း အခြေခံလူတန်းစားများကြားတွင် ဝေဖန်မှုများရှိနေသည်။

 

ကင်မွန်းတန်းရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီဆွဲသူ ဦးလှိုင်ဦးက “ခုကပ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပါတယ်။ လိုက်နာရမယ့်အချက်တွေကို သိပါတယ်။ တကယ်ဆို အပြင်မထွက်ချင်ပါဘူး။ စားဝတ်နေရေးအတွက် ပိုက်ဆံဘယ်လောက်ပဲ ရရဆိုပြီး ထွက်နေရတာဖြစ်ပါတယ်။ အပြင်မထွက်ဖို့ ကန့်သတ်တော့မယ်ဆိုရင် ကျွန်တော်တို့လို စားဝတ်နေရေး မပြေလည်သူတွေအတွက် ထည့်ပြီးစဉ်းစားပေးစေလိုပါတယ်” ဟုပြောသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အရက်ဆိုင်နှင့် ဘီယာဆိုင် လက်ဖက်ရည်ဆိုင်အချို့မှာ ပိတ်သိမ်းထားပြီး ထမင်းဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်တွင် စားသုံးခွင့်မပြုဘဲ အိမ်သယ်ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးလျက်ရှိသည်။

 

စားသောက်ဆိုင် မန်နေဂျာ ဦးဇော်မင်းလှက “ကျွန်တော်တို့ဆိုင်ကို မတ်လ ၃၁ ရက်ကနေ့ ထိုင်စားမရောင်းပါဘူး။ ပါဆယ်ပဲ ရောင်းပေးပါတယ်။ တာဝန်ရှိသူတွေက တစ်နေ့ကို သုံးကြိမ်လောက် စစ်ဆေးပါတယ်။ စျေးနှုန်းရော၊ ရောင်းအားပါ ပုံမှန်ပါပဲ” ဟု ပြောသည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စျေးကြီးများတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဖြစ်သည့် ပိုးသတ်ဆေးရည်ပက်ဖျန်းခြင်း၊ လက်ဆေးကန်များပြုလုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ စားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရန်နှင့် ပုံမှန်စျေးထက် စျေးတင်ရောင်းချခြင်းများ မပြုလုပ်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စျေးများဌာနက ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

 

သတင်းစဉ်