မိတ္ထီလာ ၆ ဧပြီ
မိတ္ထီလာမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ကလိုရင်းဆေးဖျန်းခြင်းလုပ်ငန်းများကို ဧပြီလ ၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းမှ ကြီးကြပ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုသည် လူစူလူဝေးမှ တဆင့် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သော မြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့် မီးရထားဘူတာ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ်များ၊ ဆီဆိုင်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ သီးကုန်း (၂၈၅)မိုင် စားသောက်ဆိုင်တို့ကို ကလိုရင်း ပိုးသတ်ဆေး ပက်ဖျန်းလျက်ရှိသည်။ ထိုသို့ ကလိုရင်းဆေးပက်ဖျန်းရာတွင် ထိုင်ခုံများ၊ စားပွဲများနှင့် လူအသုံးပြုများသည့် နေရာများကို ကလိုရင်းဆေးဖျန်းခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများတွေ့ရှိလာပြီးဖြစ်ရာ ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOအဖွဲ့အစည်းများက ရပ်ကွက် ကျေးရွာများတွင် ၎င်းတို့၏အစီအစဉ်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသောကြောင့် အဆိုပါဆေးဖျန်းခြင်းလုပ်ငန်းများ စနစ်တကျဖြစ်စေရန်အတွက် ပိုးသတ်ဆေးဖျန်းမည်ဆိုပါက မီးသတ် ဦးစီးဌာနနှင့် ဆက်သွယ် ပေါင်းစပ်ညှိနှိုင်း၍ ဆေးဖျော်စပ်ခြင်း၊ ဆေးအမျိုးအစား အတည်ပြုခြင်း၊ ဆေးဖျန်း မည့်နေရာအား အတည်ပြုပြီးမှ မီးသတ်ဦးစီးဌာန၏ စီမံမှုဖြင့် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်နိုင်စေရန် ဧပြီလ ၁ ရက်နေ့ ကျင်းပသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး တိုင်းဒေသကြီးလုပ်ငန်းများကော်မတီအစည်းအဝေးမှ မီးသတ်ဦးစီးဌာနအား တာဝန်ပေးအပ်ထားရှိပြီးဖြစ်၍ မြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းမည်ဆိုပါက မီးသတ်ဦးစီးဌာနနှင့် ဆက်သွယ်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်နိုင်ရန် အကြောင်းကြားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)