ဆီဆိုင် ၆ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ် ကျေးရွာအုပ်စုနှင့် တဘက်ကျေးရွာအုပ်စုအတွင်းရှိ နမ့်တဘက်ချောင်းမကြီးကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် မကောက်ရေထိန်းတံခါး ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် နောင်စကာ ရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများအား ဧပြီ ၄ ရက်နေ့က မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း၊ တဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းကော်ခမ်းနှင့် ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မကောက်ရေထိန်းတံခါး ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို တူးမြောင်းအရှည် ပေ ၅၆၀ဝ၊ တူးမြောင်းအောက်ခြေအကျယ် ၆ ပေ၊ တူးမြောင်းအမြင့် ၅ ပေ၊ တူးမြောင်းအဆောက်အအုံ (၇)ခုဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၅၀)ကျပ်ဖြင့် မကောက်အရှေ့ကျေးရွာနှင့် မကောက်အနောက်ကျေးရွာတို့မှ အိမ်ခြေ(၁၃၁)စုခန့် အတွက် တောင်သူအကျိုးပြု ဧက(၄၀ဝ)ကိုလည်းကောင်း၊ တဘက်ကျေးရွာအုပ်စု၊ နောင်စကာ ရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို တူးမြောင်းအရှည် ပေ ၉၄၀ဝ၊ တူးမြောင်းအဆောက်အဦး ၆ ခုဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၁၄၈)ကျပ်ဖြင့် ကျေးရွာ ၉ ရွာတို့မှ အိမ်ခြေ(၄၅၀)စုခန့်အတွက် တောင်သူအကျိုးပြု ဧက(၁၂၀ဝ)ကျော်ခန့်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်းထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


