ရန်ကုန်  ၆   ဧပြီ

ရန်ကုန်မြို့ နေပြည်တော်အမြန်လမ်းမကြီးရှိ “ဝ”  မိုင် Toll gate တွင် ရန်ကုန်မြို့အဝင် ခရီးသွားများအား ကျန်းမာရေးဦးစီး ဌာန၊အထွေထွေအုပ်ချုပ်ရေး၊ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် Human body temperature system စက်ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဖိဖိစီးစီးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 “အရင်က တစ်ဦးချင်းလက်ကိုင် စက်နဲ့တိုင်းရတော့ဝန်ထမ်းတွေလည်း မနားရဘူး။ ပြီးတော့စက်ချွတ်ယွင်းရင်လည်း တိုင်းတာမှုကအဆင်မပြေဘူး။အခု Zero mile မှာ ဒီစက်သစ် တပ်ဆင်ထားတာ မကြာသေးဘူး။တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးတာဆိုတော့ အားလုံးအဆင်ပြေပါပြီ။ ကိုယ်ပိုင်ယာဉ်တွေကို စစ်ဆေးဖို့ညွှန်ကြားရင်လည်း လုပ်ဆောင်ဖို့အဆင့်ပါ။ ခရီးသွားယာဉ်တိုင်းကို ကားပေါ်တက်ပြီးတိုင်းတာရတာထက် စက်ရှေ့ကဖြတ်သွားတာနဲ့ လူတစ်ယောက်ရဲ့ အပူချိန်ကိုစက်ကအသိ ပေးတာကြောင့်ဒီစက်က လုံးဝအဆင်ပြေတယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကိုချစ်ရင်၊ လေးစားရင်အိမ်ထဲမှာနေပေးကြပါ၊ အပြင်မထွက်ဘဲ ဝိုင်းဝန်းပူးပေါင်းပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ လက်မကြာခဏ ဆေးပေးကြပါ။ Stay home သတ်မှတ်ကာလမှာ မနေ့ညက လှည်းကူးမှာ လုံးဝအပြင်မထွက်တာကြောင့် ဇီးရိုးအဆင့်သတ်မှတ်နိုင်တဲ့အတွက် မြို့နယ်တွေအားလုံး ဇီးရိုးတွေ များလာရင် ကိုရိုနာဗိုင်းရပ်စ် ရောဂါသက်ရောက်မှုကို လုံးဝတားဆီးနိုင်ပြီ လို့ဆိုရမှာပါ” ဟု လှည်းကူးမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ဆွေက ပြောသည်။
လှည်းကူးမြို့နယ်တွင် စောင့်ကြည့်စခန်းလေးနေရာ ဖွင့်လှစ်ထားရှိပြီး လှည်းကူးကျန်းမာရေး သင်တန်းကျောင်းတွင် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသော ၇၈ ဦး၊ ဓမ္မရံသီကျောင်းတွင် ၂၁၈ ဦး၊ မဇ္ဇိမဂုဏ်ရည်စာသင်တိုက်တွင် ၁၅၆ ဦးနှင့် ဓမ္မမာမ ကကျောင်းတိုက်တွင် ၂၄ ဦးဖြင့် စုစုပေါင်း  ၄၇၆ ဦးအား ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ပူးပေါင်း၍ စောင့်ကြည့်လျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများရှိ စောင့်ကြည့်ရေးစခန်းတို့အတွက် နိုင်ငံတော်မှ စားသောက်စရိတ်တို့ကို ထောက်ပံ့လျက်ရှိကာ ဝန်ထမ်းများအတွက် ကျန်းမရေးဦးစီးဌာနမှယာဉ်များဖြင့် နံနက်၊ နေ့လယ်၊ ညနေ သုံးကြိမ် စားသောက်မှုကို ဆောင်ရွက်ပေးလျက် လှည်းကူးကော်မတီမှ ပြည်သူတို့၏ပူးပေါင်းလှူဒါန်းမှုဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

a

 

 “ကျွန်မတို့ အလှည့်ကျစနစ်နဲ့ ၂၄ နာရီ တာဝန်ထမ်းနေပါတယ်။ မတ် ၂၉ ရက် ညပိုင်းကစပြီး အမြန်ယာဉ်နဲ့ လိုက်ပါတဲ့ ခရီးသွားတွေကို ကိုယ်အပူချိန်တိုင်း စက်နဲ့ရောဂါကာကွယ်ရေး စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ကိုင်စက်နဲ့တိုင်းတာတဲ့ အခါမှာနှစ်ဦးလုံးအတွက် အန္တရာယ်ရှိတာကြောင့် အခုလို စက်ရှေ့ကဖြတ်သန်းပြီး တိုင်းတာရတာဟာ အားလုံးအတွက် အဆင်ပြေအန္တရာယ်ကင်းစေပါတယ်။ အပူချိန်ရှိရင် အသံမြည်တာကြောင့် ချက်ခြင်းကျန်းမာရေး စောင့်ရှောက်မှုကိုချက်ခြင်းဆောင်ရွက်ပါတယ်။ ယနေ့ထိ ကိုယ်အပူချိန်ရှိတဲ့ လူနာမတွေ့သေးပါဘူး” ဟု တိုးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဒါးပိန်တိုက်နယ်မှ ကျန်းမာရေးဆရာမ ဒေါ်ခင်ဖြူဖြူဆွေက ပြောသည်။


ရန်ကုန်မြို့ အမြန်လမ်းသုံညမိုင် Toll gate တွင် Human body temperature system စက်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ပူးပေါင်းအဖွဲ့ဖြင့် ဖိဖိစီးစီးဆောင်ရွက်လျှက်ရှိရာ ထိုစက်တွင် AI Solution ပါဝင်သောကြောင့် အပူ ချိန်တိုင်းတာနိုင်ခြင်း၊ ကျား/မခွဲခြားပေးခြင်း၊ အသက်အရွယ်ခွဲခြားပေးခြင်းနှင့် လူနှင့်ယာဉ်ကိုစက်မှမှတ်တမ်းတင် ထားနိုင်ခြင်းအပြင် အပူချိန်ရှိပါက အသံမြည်အချက်ပေးခြင်းကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးစစ်ဆေးမှု၌ ထိရောက်သောစစ်ဆေးမှု အဖြစ် ကျန်းမာရေးဝန်ထမ်းတို့အတွက် အဆင်ပြေစေလျက်ရှိကြောင်းနှင့် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်ကျော်ပါက အချက်ပေးသံမြည်ကြောင်း သိရသည်။


သန်းထိုက်
ဓာတ်ပုံ - သန်းစိုး