မန္တလေး ၆ ဧပြီ
ရွှေလုပ်ငန်းရှင်များ အသင်းရုံးနှင့် ရွှေစျေးကွက်ဖွင့်လှစ်မှုကို ဧပြီ ၁၁ ရက်မှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ပြီး ပြန်ဖွင့်မည့်ရက်ကို ကြိုတင်ကြေညာပေးသွားမည်ဟု သိရသည်။
“ဧပြီ ၁၂ ရက်နေ့သည် သင်္ကြန်အကြိုနေ့ ဖြစ်သောကြောင့် ယခင်ပိတ်နေကျအတိုင်း ပိတ်ခဲ့ခြင်းဖြစ်ပြီး အသင်းကိုလည်း လူလာတာက နည်းတယ်လေ။ စျေးကွက်မဖွင့်ရင် အရောင်းအဝယ်တွေ ဒုက္ခရောက်မှာ စိုးလို့ပါ။ ပြန်ဖွင့်မဲ့ရက်ကိုတော့ အခြေအနေအပေါ် မူတည်ပြီး ကြေညာပေးမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။
ရွှေလုပ်ငန်းရှင်များအသင်း (မန္တလေး)ရုံးကိုတော့ လက်ရှိပုံမှန်အတိုင်း ဖွင့်လှစ်နေပြီး ပိတ်ထားပါက စျေးကွက်ပျောက်ပြီး မှောင်ခိုလိုင်းဝင်ကာ ကမောင်ကမဖြစ်နိုင်၍ မပိတ်သေးခြင်းဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် Lockdown လုပ်မည် ဆိုပါကလည်း ပိတ်ရန်အသင့်ရှိကြောင်း အဆိုပါအသင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ကြေညာထားသည်။
“ကုန်သည်တွေအတွက် အမြဲဖွင့်ပေးထားတာပါ။ ရွှေစျေးကွက်လိုအပ်ချက်က မန္တလေးကနေ ပေးနေရတာပေါ့။ မန္တလေးပါပိတ်လိုက်မယ်ဆိုရင် စျေးကွက်ထဲမှာရှိတဲ့သူတွေ အခက်အခဲ ဖြစ်သွားမယ်။ နယ်ကလာတဲ့ ရွှေကုန်သည် ဆိုတာလည်း စျေးကွက်ရှိမှ ရွှေရောင်းပြီးမှ ငွေပေါ်မှာကိုး။ မြစ်ကြီးနား၊ ဟိုပင်၊ ဗန်းမောက်တို့ဘက်ကနေ ရွှေပဲ အလွယ်တကူယူလာပြီး ရွှေကိုချွတ်ပြီး ပေါက်စျေးအတိုင်း ရောင်းတယ်။ ပြီးတော့ သူတို့အတွက် လိုတာပြန်ဝယ်တယ်။ နယ်ကကုန်သည်တွေ အဆင်ပြေအောင်ပါ” ဟု ဦးတင်ထွန်းက ပြောသည်။
ရွှေလုပ်ငန်းရှင်များအသင်း(ရန်ကုန်)ကို မတ် ၂၉ ရက်မှစတင်ပြီး ယာယီပိတ်ထားကြောင်း သိရသည်။
ဖြိုးအိ


