နေပြည်တော် ၆ ဧပြီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နမ့်မွန်ကြီးရေတံခွန်သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွား ဧည့်သည်များသွားလာမှု ကန့်သတ်ထားစဉ်ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက ရေတံခွန်ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး၊ လူသွားလမ်းများ စနစ်တကျနှင့် ပိုမိုကောင်းမွန်စေရေး၊ ရေတံခွန်အနီးရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီချက်ပြုတ်ရောင်းချနိုင်ရေး၊ ရေတံခွန်သို့ပြေးဆွဲနေသော စက်လှေများအနေဖြင့် ခရီးသည်များကို ဝန်ဆောင်မှုပေးရာတွင် အန္တရာယ်ကင်းစွာ စနစ်တကျ ပို့ဆောင်စေရေး၊ ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေဘဲသတ် မှတ်ထားသောအချက်များနှင့်အညီ ကောင်းမွန်စွာဖော်ဆောင်နိုင်ရေးနှင့် လက်ရှိခရီးသည်များ လာရောက်လည်ပတ်ခြင်း မရှိသေးခင်ကာလအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးတို့ကို တာဝန်ရှိသူများ အား မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ၍ လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတိပေးချက်များကို လိုက်နာဆောင်ရွက်ရေး ကိုလည်းကောင်း၊ ခရီးသွားဝင်ရောက်မှုကျဆင်းနေသည့် အချိန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီမည့် အစီအစဉ်များ၊ လုပ်ငန်းရှင် အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ အလွန်ကာလ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာချိန်တွင် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုတင်ဆောင်ရွက်ထားနိုင်မည့် အစီအမံများ၊ ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်မည့် အစီအစဉ်များကိုလည်းကောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှု ရှိစေရေးနှင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ခရိုင်အဆင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(သို့မဟုတ်) Destination Management Organization (DMO) ဟုခေါ်သည့် ခရီးစဉ် ဒေသစီမံခန့်ခွဲမှု အဖွဲ့များကို ဖွဲ့စည်းမည့်အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရှိပြီးခရီးစဉ်ဒေသများအား ထိန်းသိမ်းခြင်း၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ခြင်း၊ ဆက်စပ်ခရီးစဉ်ဒေသ လမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လက်လုပ်လက်စားများအား ဝန်ကြီးဌာန၏ ဘတ်ဂျက်အတွင်းမှ ကူညီရန် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ကူညီနိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် Maymyo Heritage Trust အသင်းမှ ဖော်ထုတ်ထိန်းသိမ်းရန် ဆောင်ရွက်နေ သည့် ပြင်ဦးလွင်ဒေသရှိ သမိုင်းဝင်အဆောက်အဦများနှင့် သမိုင်းကြောင်းရာဇဝင်ရှိသည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှု၍ ဝန်ကြီးဌာနမှ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


