မူဆယ်  ၆  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်ဝယ်လက်များ မလာသဖြင့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖရဲ၊ သခွား ကုန်တင်ကားများ ဝမ်တိန်ဘက်တွင် သွားရောက်ရောင်းချနေရကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဧပြီ ၆ ရက်တွင် ပြောသည်။

 

တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉  ရောဂါကို မပျံ့ပွားစေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် နယ်စပ်ဒေသ စီမံခန့်ခွဲရေးကို တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁ ရက်မှစ၍ မူဆယ်ခရိုင်နှင့် ထိဆက်လျက်ရှိသော ဂိတ်ပေါက်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ ကျိန်စန်းကျော့ဂိတ်၊ ပန်ဆိုင်း (ကြူကုတ်)ဂိတ်နှင့် မန့်ဟီးရိုးဂိတ်မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်သို့ ဝင်/ထွက်ခွင့်မပြုတော့ဘဲ ကုန်သွယ်မှုပြုနေသည့် မန့်ဝိန်းဂိတ်၊ ကျိန်စန်းကျော့ဂိတ်နှင့် ပန်ဆိုင်း(ကြူကုတ်)ဂိတ်တို့မှ ကုန်တင်ယာဉ်များကိုသာ အဝင်အထွက် ဆက်လက်ခွင့်ပြုထားကြောင်း သိရသည်။

 

“လက်ရှိ ရောင်းဝယ်နေတဲ့ အနေအထားက ပုံမှန်အနေထားဆိုရင် မူဆယ် (၁၀၅) မိုင်က ရောင်းချတယ်ပေါ့၊ အခု ကိုဗစ်-၁၉  အခြေအနေကြောင့် တရုတ်ပြည်က ဝယ်လက်တွေထွက်မလာတော့ တရုတ်ပြည်ဝမ်တိန်မှာ သူတို့ရဲ့ကွင်းမှာသွားပြီး ရောင်းချနေရတယ်” ဟု ဦးအောင်သက်ဦးက ပြောသည်။

 

ထိုသို့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဖရဲ၊ သခွားကုန်တင်ကားများ ဝမ်တိန်ဘက်တွင် သွားရောက်ရောင်းချ နေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။

 

“သစ်သီးကုန်စီးဆင်းမှုက လက်ရှိအနေအထားကတော့ ဒီတရုတ်ပြည်သွားရောင်းရတဲ့ အဆင်မပြေမှုတွေပေါ့၊ နေရာထိုင်ခင်း အဆင်မပြေမှုတွေ၊ သွားလာရေးအဆင်မပြေမှုတွေ၊ ကားတွေပဲပေးသွားတဲ့ အနေအထားတော့ အခက်အခဲကတော့ မျိုးစုံကြုံတွေ့နေရတာပေါ့၊ စျေးနှုန်းမတည်ငြိမ်မှုတွေ အမျိုးမျိုးတော့ အခက်အခဲတွေ ကြုံတွေ့နေရ တယ်” ဟု ဦးအောင်သက်ဦး က ဆက်ပြောသည်။

 

ထိုအခက်အခဲများနှင့် ပတ်သက်၍လည်း ကုန်သည်လုပ်ငန်းရှင်များ၏ တင်ပြသည့် အချက်အလက်များကို နှစ်ဖက် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။

 

လက်ရှိ ဖရဲ၊ သခွားမွှေး စျေးကွက်မှာ အသီးအမျိုးအစားပေါ် မူတည်ကာ ဖရဲ အစီးပြတ် ၁၆ တန်တစ်စီးလျှင် ယွမ် ၅၀၀၀ မှ ၂၅၀၀၀ ကြားရရှိပြီး သခွားမွှေးတစ်တန်လျှင် ယွမ် ၁၅၀၀ မှ ၃၅၀၀ ကြား ရရှိကြောင်း၊ တစ်နေ့လျှင် ဖရဲ၊ သခွားမွှေး အစီးရေ ၄၀၀ ခန့် အရောင်းအဝယ်ရှိကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။

 

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု ဖွင့်လှစ်ထားသည်။ ယင်းတို့မှာ ရှမ်းပြည်နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်တို့ဖြစ်ပြီး မူဆယ် ကုန်သွယ်မှုလမ်းကြောင်းသည် ကုန်သွယ်မှုအများဆုံးဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း