မိုင်းပျဉ်း ၇ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဧပြီ ၆ ရက်က မြို့အဝင်ဂိတ်များ၊ ဌာနဆိုင်ရာရုံးများ၊ ဈေးနှင့်ရပ်ကွက်များတွင် အရှိန်ဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိူးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက နေ့စဉ်ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရောဂါရှာဖွေ စစ်ဆေးခြင်း၊ ဆောင်ရန် ရှောင်ရန် နည်းစနစ်များ အသိပေးပြောကြားခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင်လည်း လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို နှိုးဆော်ခြင်း၊ မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ထုတ်ဝေထားသည့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြည်ပမှ ပြန်ရောက်လာသူများအား သတ်မှတ်ထားသည့်နေရာ၌ သီးသန့်ထားရှိကာ အဆိုပါ စောင့်ကြည့်ခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အစားအသောက်နှင့် လိုအပ်သည့် အခြားအသုံးအဆောင် ပစ္စည်းများကိုထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မိုင်းပျဉ်းမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်ဆက်)


