မိတ္ထီလာ    ၇    ဧပြီ

 

မိတ္ထီလာမြို့နယ် အောင်ကန်ကျေးရွာ  မိုးကြိုချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) အထူးဇုန် ဧက(၅၀)တွင် ကင်းထောက်မှတ်တမ်း ကောက်ယူခြင်းလုပ်ငန်းကို ဧပြီလ ၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေး ဦးစီးဌာနမှ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်   စီးပွားရေး တွက်ခြေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်  ချည်မျှင်ရှည်ဝါကို စိုက်ပျိုးလျက်ရှိသည်။ 

 

2

 

ထိုသို့  စိုက်ပျိုးလျက်ရှိရာ မြို့နယ်အတွင်း၌ မိတ္ထီလာကန်ရေဖြင့် မကျီးစုကျေးရွာ ကွင်းအမှတ် ၆၀၆ ၊ ၆၀၇ တို့တွင် မိုးကြိုချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန် ဧက(၅၀)နှင့် ညောင်ကုန်းဆည်ရေဖြင့် အောင်ကန်ကျေးရွာ ကွင်းအမှတ် ၁၀၂၇ ၊ ၁၀၂၈ တို့တွင် မိုးကြိုချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) အထူးဇုန် ဧက(၅၀)ကို  စိုက်ပျိုးထားရာ စိုက်ဧကအားလုံး တစ်ဧက ပိဿာ ၈၀ဝ နှင့်အထက် ထွက်ရှိရေး၊ စိုက်ပျိုးပြီးဧကများကို အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့်အတိုင်း ပိုးမွှားကင်းစင်ရေး အတွက်  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကင်းထောက်မှတ်တမ်းကောက်ယူသည့် နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် လိုအပ်လာပါက အပင်သားခွဲခြင်း လုပ်ငန်း၊ ပိုးမွှားကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများနှင့် အပင်ကြီးထွားစေရန် သဘာဝမြေသြဇာများ ထည့်သွင်းခြင်းလုပ်ငန်းများကို ဒေသခံ တောင်သူများနှင့်အတူ ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)