မုံရွာ ၇ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးတစ်လျောက် စိုက်ပျိုးလျက်သော သီးနှံများ ယခုနှစ်တွင် အထွက်နှုန်းများ ကျဆင်းလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
““ ခါတိုင်းနှစ်တွေက အခုအချိန်ဆို အပင်တွေ အကြီးကြီးတွေဖြစ်နေပြီ။ အခုနှစ်ကတော့ အပူချိန်က များတယ်၊ မြစ်ရေကြီးတာကလည်း တစ်ကြိမ်တည်းဆိုတော့ မြစ်ကမ်းဘေးက မြေတွေမှာ အစိုဓာတ် နည်းတော့ အပင်အဖြစ်နှုန်းလည်းနည်းပြီး အသီးတင်တာလည်း နည်းတဲ့အတွက် အထွက်နှုန်း မှာသွားပြီး ထိခိုက်တဲ့ သဘောဖြစ်တယ်၊ အထွက်နှုန်းကျတဲ့အပြင် ထွက်ရှိတဲ့ သီးနှံဈေးတွေကလည်း မကောင်းပေမယ့် မစိုက်လို့ကလည်း မဖြစ်ဘူး၊ ကိုယ်စားဖို့ စိုက်ရတာဖြစ်တယ်၊ အထွက်နှုန်းနည်းပေမဲ့ ဝမ်းရေးအတွက် ရာသီဥတုကို အံတုပြီးတော့ စိုက်နေရတယ်”” ဟု အိုးဘိုတောင် ရပ်ကွက်မှ တောင်သူ ဦးအောင်မြင့်စိန်က ပြောသည်။
ချင်းတွင်းမြစ်ကမ်းဘေး တစ်လျောက် ယခုနှစ်နွေသီးနှံအဖြစ် စိုက်ပျိုးသော မြေပဲ၊ ပြောင်းဖူး၊ ပဲတီစိမ်း သီးနှံများ အထွက်နှုန်းကျင်ဆင်းလျက်ရှိရာ ပဲတီစိမ်း သီးနှံပထမအကြိမ် ခူးဆွတ်မှုတွင် ယခင်နှစ် ပထမအကြိမ် ခူးဆွတ်မှုထက် (၅)ချိုး(၁)ချိုးခန့်သာ ထွက်ရှိကြောင်း ဒေသခံစိုက်ပျိုးရေးတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


