နေပြည်တော် ၇ ဧပြီ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် မတ်လ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းမိန့်ထုတ်ပြန်ပြီးနောက် မတ်လ ၁၄ ရက်နေ့တွင် ပထမအစည်းအဝေးကိုလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် ဒုတိယအစည်းအဝေးကိုလည်းကောင်း ကျင်းပ၍ ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ကာ ချေးငွေထုတ်ပေးမည့် အစီအစဉ်၊ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ ပေးဆောင်ရန် ကာလသတ်မှတ်ချက်အား ဖြေလျော့ပေးသည့် အစီအစဉ်နှင့် ဘဏ်တိုးနှုန်းလျှော့ချပေးသည့် အစီအစဉ်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ချေးငွေလျှောက်ထားခြင်းကို စိစစ်ပေးလျက်ရှိပြီး ချေးငွေပထမအသုတ်ကို သင်္ကြန်မတိုင်မီ ထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ဆောလျင်စွာ ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ထားသည့် အစီအစဉ်များ၊ အရန်ရိက္ခာနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပေါ်ပေါက်နေသည့် အခက်အခဲများနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းပေးရန် ကိစ္စရပ်များနှင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနှစ်ခုတို့နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးမှ ကိုဗစ်-၁၉ ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးမည့် ပထမအသုတ် ချေးငွေအား သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ပြီး ကျန်ရှိသည့် လျှောက်ထားသူများကိုလည်း ဆက်လက်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


