မန္တလေး ၇ ဧပြီ
မန္တလေးမြို့ ဆေးရုံကြီးများရှိ လက်ထောက်ဆရာဝန်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွင် အရန်အင်အားအဖြစ် စုစည်းထားရှိနိုင်ရန် အသက်ရှူအားကူစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ဆေးတက္ကသိုလ်(မန္တလေး)တွင် ဖွင့်လှစ်သည်။
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအား ကုသမှုပေးနေကြသည့် မေ့ဆေးဆရာဝန်များ အရေးပေါ်ကုသရေးဆိုင်ရာ ဆရာဝန်များအနေဖြင့် ပင်ပန်းနွမ်းနယ်ခြင်း (သို့မဟုတ်) ရောဂါရှိလူနာနှင့် ထိတွေ့မှုကြောင့် ၎င်းတို့ကိုယ်တိုင် ၁၄ ရက် စောင့်ကြပ်ကြည့်ရှုမှု ခံယူရပါက အစားထိုးဖြည့်ဆည်းနိုင်ရန် လက်ထောက်ဆရာဝန်များအား အရန်အင်အားအဖြစ် စုစည်းထားရှိကာ ကုသမှုဆိုင်ရာ နည်းပညာသင်တန်းများအား ကြိုတင်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောသည်။
“ကုသမှုတွေကြောင့် ပင်ပန်းနွမ်းနယ်သွားလို့ အင်အားလျော့ကျသွားတဲ့ မေ့ဆေးဆရာဝန်တွေရဲ့ နေရာမှာ အရန်အင်အားအဖြစ် ထားရှိနိုင်ဖို့ လက်ထောက်ဆရာဝန်တွေကို အသက်ရှူအားကူစက် တပ်ဆင်ပေးထားတဲ့ လူနာကို စက်ပေါ်က သတိပေးချက်တွေကိုကြည့်ပြီး လူနာရဲ့ အခြေအနေ ပြောင်းလဲသွားတာတွေကို ချက်ခြင်းသိနိုင်ဖို့ လေ့ကျင့်သင်ကြားပေးတဲ့ သဘောပါ။ ဒီသင်တန်းမှာ စက်ရဲ့ သဘောသဘာဝကို လေ့ကျင့်ပေးမယ့်အပြင် လူနာနဲ့ စက်နဲ့တွဲပြီး စက်ပေါ်က ဖော်ပြချက်တွေကို သိနိုင်ဖို့ လေ့ကျင့်ပေးမှာပါ။ အဓိကအနေနဲ့ မေ့ဆေးဆရာဝန်တွေကို လိုအပ်တဲ့အချိန်မှာ အဆင်ပြေလွယ်ကူစွာ ကူညီပေးနိုင်တဲ့ အဆင့်အထိ ရှိလာအောင် သင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါသင်တန်းကို ဆေးတက္ကသိုလ်(မန္တလေး)မှ ဦးဆောင်၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ဆရာဝန်များ၊ မေ့ဆေးပညာဌာနမှ ဆရာဝန်များပူးပေါင်း၍ မန္တလေးမြို့ ဆေးရုံကြီးများရှိ လက်ထောက်ဆရာဝန်များကို ဧပြီ ၇ ရက်မှ ၈ ရက်အထိ တစ်ရက်လျှင် ၂၀ ဦးနှုန်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုသင်တန်းတွင် လာရောက်သင်ကြားပို့ချပေးသည့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာအေးသီရိနိုင်က “လက်ထောက်ဆရာဝန်တွေကို အရေးပေါ်လိုအပ်လာရင် ဝိုင်းပြီးကူညီနိုင်အောင် ကြိုတင်သင်ကြားပေးတဲ့ သဘောပါ။ အရေးပေါ် အသက်ကယ်စက်တပ်ဆင်ထားတဲ့ လူနာကို စောင့်ရှောက်တဲ့အခါမှာ အရေးကြီးတဲ့ သတိပေးချက် အဆင့်ဆင့်ကို ဂိုက်လိုင်းနဲ့အညီ သိရှိစေဖို့ သင်ကြားပေးတာပါ။ ကျွန်မတို့ ဆရာဝန်တွေက ဘယ်လိုလူနာမဆို ကုသပေးနေကြဖြစ်တဲ့အတွက် ဒီရောဂါကိုလည်း ရှေ့တန်းကနေ ကြိုတင်ကာကွယ် ပေးထားပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားလုပ်ဆောင်သွားပါမယ်။ ဒီလိုခက်ခဲနေတဲ့ ကာလမှာ ညီညီညာညာ လက်တွဲပြီး ပါဝင်ပေးကြတဲ့အပြင် တိုက်ပွဲဝင်နေကြတဲ့ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေကို သဒ္ဓါထက်သန်စွာနဲ့ ပံ့ပိုးလှူဒါန်းပေးနေတာကိုလည်း ကျေးဇူးတင်ပါတယ်။ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားတဲ့ ဧပြီ ၂၁ ရက်အထိ အားလုံး အိမ်ထဲမှာနေပြီး ဒီရောဂါကပ်ကြီးကို အတူတူ ကျော်လွှားကြပါစို့”ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် အရန်အင်အားများအဖြစ် ဆက်လက်စုစည်းထားရှိနိုင်ရန် ယခုဖွင့်လှစ်သင်ကြားပေးသည့် နည်းပညာရပ်များအား ဗီဒီယိုဖိုင်နှင့်ရိုက်ကူးကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်ထောက်ဆရာဝန်များထံသို့ ဖြန့်ဝေပေးသွားမည် ဖြစ်သည့်အပြင် သင်တန်းတက်ရောက်ရန် တောင်းဆိုမှုများ ရှိလာပါကလည်း ဆက်လက်ဖွင့်လှစ်ပေးရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


