မူဆယ် ၇ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် Facility Quarantine တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ဧပြီ ၇ ရက်အထိ ၂၅ ဦးရှိပြီဖြစ်ရာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး နေထိုင်ရန် နေရာအခင်းအကျင်း၊ အစားအသောက် အသုံးအဆောင်ပစ္စည်းများကို မူဆယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲအတွင်းရှိ ရွှေလီ၊ ဂျယ်ဂေါင်၊ လန်ချန်းခရိုင်၊ ကျန်းဖုန်းခရိုင်၊ ဝမ်တိန်ခရိုင်၊ မန်ဟိုင်းအရပ်ဒေသ(မုံးကိုး)တွင် COVID-19 ရောဂါကင်းစင်ကြောင်း တယ်ဟုန်ပြည်နယ်ခွဲ တာဝန်ရှိသူများ ထုတ်ပြန်ကြေညာထားခြင်းကြောင့် အဆိုပါအရပ်မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မိမိနေထိုင်ရာ မြို့၊ ရွာနှင့် ရပ်ကွက်အတွင်း Home Quarantine အဖြစ် ခံယူရမှာဖြစ်ပြီး ညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုကော်မတီမှ ဦးအယ်လ်စိုးထန်တူးက ပြောသည်။
“မူဆယ်မှာ (၁၄)ရက် Facility Quarantine အဖြစ် ထားရှိတာက တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မန်စီနဲ့ ပြည်မထဲက မြို့တွေကနေ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကန့်သတ်စောင့်ကြည့်တာဖြစ်တယ်၊ မူဆယ်နဲ့နီးကပ်တဲ့ ရွှေလီ၊ ဂျယ်ဂေါင်၊ လန်ချန်းခရိုင်၊ ကျန်းဖုန်းခရိုင်၊ ဝမ်တိန်ခရိုင်၊ မန်ဟိုင်းအရပ်ဒေသ(မုံးကိုး)က လာတဲ့သူတွေကိုတော့ ကိုယ့်အရပ်ဒေသမှာ Home Quarantine အဖြစ် ခံယူသွားရမှာဖြစ်တယ်”ဟု ဦးအယ်လ်စိုးထန်တူးက ရှင်းပြသည်။
မူဆယ်မြို့သို့ ရောက်ရှိလာပြီး Facility Quarantine နေရာတွင် (၁၄)ရက် ကန့်သတ်ကြည့်ရှုခြင်း ခံယူရမည့် နေရပ်ပြန်ပြည်သူများကို ကနဦးကြိုတင်ပြင်ဆင်ထားသည့် ဈေးရပ်ကွက်ရှိ အ.ထ.က(၃)ကျောင်း၊ ခရစ်ယာန်ရပ်ကွက်အတွင်းရှိ အ.ထ.က(၁)ကျောင်းနှင့် တရုတ်စာသင်ကျောင်းတို့တွင် ထားရှိသွားမည်ဖြစ်သည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


