ပင်လုံ ၇ ဧပြီ
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်နှင့် ပြည်သူလူထုများမှ ထောက်ပံ့လှူဒါန်းသော ပစ္စည်းများကို ယနေ့ နံနက် ၈ နာရီက ပင်လုံမြို့ရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများသို့ အရောက်သွား၍ ခွဲဝေထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး ဦးဆောင်၍ လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ပင်လုံမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍ ဆဟောင်းကျေးရွာအုပ်စုသို့ သွားရောက်၍ ဟိန်ဒုံကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေးက အလှူငွေ ကျပ် ၅၀၀၀ဝ အား လည်းကောင်း၊ ပင်လုံမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှ ငွေကျပ် ၃၀၀၀၀ဝ နှင့် COVID-19 ရောဂါကာကွယ်ရေး ထောက်ပံ့ပစ္စည်း (၁)စုံအား လည်းကောင်း လှူဒါန်းထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ ဆဟောင်းကျေးရွာအုပ်စုရှိ ဟိန်ဒုံကျေးလက် ကျန်းမာရေးဌာနခွဲ၊ လွယ်ကန်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ နောင်ပိန်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ လွိုင်တပ်ကျေးလက် ကျန်းမာရေးဌာနခွဲသို့ လည်းကောင်း၊ ဟဲနန်းကျေးရွာအုပ်စုထဲရှိ ကောင်းငိုကျေးလက် ကျန်းမာရေးဌာနခွဲများသို့ လည်းကောင်း အရောက်သွား၍ ပင်လုံမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထောက်ပံ့ပစ္စည်းများ(၁)စုံစီကို ပေးအပ်လှူဒါန်းခဲ့သည်။
ကျေးလက်ကျန်းမာရေး ဌာနခွဲအသီးသီးသို့ လှူဒါန်းပစ္စည်းများမှာ ကိုယ်အပူချိန်တိုင်းကိရိယာ (၁)ခု၊ နှာခေါင်းစည်း (၂)ဘူး၊လက်အိတ် (၂)ဘူး၊ လက်သန့်စင်ဆေးရည် (၄)ဘူး၊ ပိုးသတ်ဆေး (၁)ဘူး၊ တစ်သျှူးအစို (၁)ထုပ်၊ အရက်ပြန် (၃)ပုလင်း၊ ကာပေါ်လစ်ဆပ်ပြာ (၅)ခဲ၊ ရေသန့် ၁ လီတာ (၂) ကဒ်၊ အာရှအချိုရည် (၂)ဖာ၊ လိမ္မော်သီး (၁)ပိဿာ စသည့်ထောက်ပံ့ပစ္စည်းများကို ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းသိမ်းရေး အထောက်အကူပြုအဖွဲ့များမှ လွှဲပြောင်းလှူဒါန်းပေးခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲများမှ သားဖွားဆရာမများက လက်ခံရယူကြကြောင်း သိရှိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ ပြန်/ဆက်)


