ရန်ကုန် ၇ ဧပြီ

 

နိုင်ငံတော်မှ အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးမည့် ထောက်ပံ့ကူညီမှု ၅ မျိုးအတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများစာရင်းကို ကမာရွတ်မြို့နယ်အတွင်း၌ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။

 

“စာရင်းကတော့ လောလောဆယ် စုနေတုန်းပဲရှိပါသေးတယ်၊ မနေ့ညကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ ရပ်ကွက်ထဲရှိနေတဲ့ အခြေခံလူတန်းစားတွေ တကယ်အခက်အခဲ ရှိနေတဲ့သူတွေရဲ့ စာရင်းကို လိုက်လံကောက်ယူနေပါတယ်” ဟု ကမာရွတ်မြို့နယ် စာရင်းကောက်ယူရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးသိန်းဇော်ဉီးက ပြောသည်။

 

အခြေခံလူတန်းစားများစာရင်း ကောက်ယူရာ၌ မြို့နယ်အဆင့်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းထားပြီး ရပ်ကွက်စာရင်း ကောက်ယူရေးအဖွဲ့များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ် သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိသာ၊ ကြက်သွန် ၁ ပိသာ စုစုပေါင်း ကူညီထောက်ပံ့မှု ၅ မျိုးစီကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ နိုင်ငံတော်အစိုးရက အခမဲ့ဖြန့်ဖြူးထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဧပြီ ၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွှန့်