နေပြည်တော် ၇ ဧပြီ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းပေးမှုနှင့်အတူ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ သိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ နှီရ်လောန်းကျေးရွာနှင့် ဟားခါးခရိုင်မီးသတ် ဦးစီးဌာနတို့တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ လေဆိပ်၊ စည်ပင်သာယာဈေး၊ ပြည်သူ့ဆေးရုံကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာများ၊ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့တို့တွင်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးမှုသရုပ်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်များက နှိုးဆော်ပေးသည့် အသိပညာပေး နှိုးဆော်ချက်များကို နံရံကပ်ပြဘုတ်များတွင် ခင်းကျင်းချိတ်ဆွဲပြသခြင်း၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေထိုင်ရေး၊ Mask များ တပ်ဆင်သည့် အလေ့အကျင့်များရှိစေရေးတို့ကို အသိပညာပေးခြင်း၊ COVID-19 ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ အသွားအလာကန့်သတ်ခြင်းဆိုင်ရာများကို လိုက်နာဆောင်ရွက်ရေး အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ရပ်ရွာအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းနိုင် (ပြန်/ဆက်)


