မင်းဘူး ၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းသို့ ထိုင်းနိုင်ငံမှ နေရပ်ပြန်ရောက်ရှိလာသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများဖြစ်သည့် (PPE) ဝတ်စုံ ၁၅ စုံ၊ နှာခေါင်းစည်း ၂၀ဝ ခုနှင့် အပူချိန်တိုင်းကိရိယာ တစ်ခုတို့ကို မင်းဘူးမြို့နေ ဉီးကျော်နိုင်ဉီး+ဒေါ်လှိုင်လှိုင်မိုး သုခမိန် ဆေးပေါလိပ်ကိုယ်စားလှယ် မိသားစုတို့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လာရောက်လှူဒါန်းမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေးတို့က လက်ခံရယူပြီး အလှူရှင်များမှလှူဒါန်းသော အထောက်အကူပြုပစ္စည်းများအား မင်းဘူးခရိုင်အတွင်း နေရပ်ပြန်ရောက်ရှိလာသူများအတွက် ဆက်လက်ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မင်းဘူးမြို့ အထက(၁)ကျောင်းနှင့် အထက(၂) ကျောင်းတို့တွင် ယခုလက်ရှိ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ (၁၈၄) ဉီးရှိပြီး၊ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ သံသယရှိသူ တစ်ဉီးတစ်ယောက်မျှ မတွေ့ရှိပါကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)