သရက် ၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ နိုင်ငံရပ်ခြားနှင့် ပြည်တွင်းမှမိမိဒေသသို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်များအား ထားရှိသည့် အသွားအလာကန့်သတ်ထားသောနေရာများနှင့် ကျေးရွာ၌ အသွားအလာများသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြုလက်ဆေး ဘေစင်တပ်ဆင်ပေးခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာ(၃၀) သတ်မှတ်ထားပြီး ဧပြီ ၆ ရက်တွင် ကျေးရွာ ၇ နှင့် ဧပြီ ၇ ရက်နေ့တွင် ၈ ရွာအား လက်ဆေးဘေစင်များ တပ်ဆင်ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြု လက်ဆေးဘေစင်များတပ်ဆင်ရန်လျာထားသည့် ကျေးရွာ(၃၀)အနက်မှ ကျေးရွာ(၁၅)ရွာတို့ရှိ အသွားအလာကန့်သတ်ထားသည့်နေရာများတွင် လက်ဆေးဘေစင်ထားရှိပြီး ဆပ်ပြာဖြင့် စနစ်တကျလက်ဆေးအသုံးပြုနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲခြင်းလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)