ဒီးမော့ဆို    ၈   ဧပြီ    

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လူစည်ကားသော နေရာများ၊ ရောဂါထိန်းချုပ်ကာကွယ်ရေးစခန်းများ၊ ကျေးလက်ဈေးများနှင့် ထင်ရှားသည့် ဘာသာရေးအဆောက်အဦးနေရာများတွင် အလွယ်တကူလက်ဆေးနိုင်ရန် ခွင့်ပြု ရန်ပုံငွေကျပ် ၃ ဒသမ ၂၅ သန်းဖြင့် လက်ဆေးဘေစင် ၂၂ ခုကို ထားရှိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပြည်သူလူထု စနစ်တကျ လက်ဆေးတတ်သော အလေ့အကျင့်များ ဖြစ်လာစေရန်အတွက် လက်ဆေးဘေစင်များ ထားရှိဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးသောနေရာများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများက သွားရောက်၍ ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

လက်ဆေးဘေစင်များကို ဒီးမော့ဆိုမြို့ပေါ်တွင် မြို့မဘုန်းတော်ကြီးကျောင်း၊ နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ်ဘုရားကျောင်းနှင့် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)၊ နန်းမယ်ခုံမြို့တွင် အခြေခံ ပညာအထက်တန်းကျောင်း၊ ပန်ပက်ကျေးရွာအုပ်စုတွင် ပန်ပက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဒေါတမကြီးကျေးရွာအုပ်စုတွင် ဒေါတမကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ဒေါညေးခူကျေးရွာ ဆေးပေးခန်း၊ စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် စံပြ(၆)မိုင်ကျေးရွာ ကက်သလစ် ဘုရားကျောင်း၊ ဒေါပိုးစီကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဟိုဖိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဆင်တောင်ကျေးရွာအုပ်စုတွင် ဆင်တောင်ကျေးရွာ ဆေးပေးခန်း၊ ငွေတောင်ကျေးရွာ အုပ်စုတွင် ငွေတောင်ဆည် ကားပါကင်နှင့် ငွေတောင်ဈေး၊ ဒေါဖုကျေးရွာအုပ်စုတွင် ဒေါဖုကျေးရွာ ဆေးပေးခန်း၊ ထီးပိုးကလိုးကျေးရွာအုပ်စုတွင် ထီးပိုးကလိုးကျေးရွာ ဘုရားကျောင်း၊ ဒေါဘူးကူးကျေးရွာအုပ်စုတွင် ဒေါဘူးကူးကျေးရွာ ဆေးပေးခန်း၊ ဒီးမော့ဆိုကျေးရွာအုပ်စုတွင် ဒေါငံခါးကျေးရွာဘုရားကျောင်း၊ ဆောင်ဒူလာကျေးရွာအုပ်စုတွင် ယူဆမိုဆိုကျေးရွာ ဘုရားကျောင်း၊ လိုပူကျေးရွာအုပ်စုတွင် လိုပူကျေးရွာ ဘုရားကျောင်း၊ လွိုင်နန်းဖဈေးနှင့် လိုဘာခိုဈေး စသော နေရာ ၂၂ ခုတွင်  လက်ဆေးဘေစင် အပါအဝင် ဆပ်ပြာနှင့် ရေမလိုလက်သန့်ဆေးများ၊ mask များ၊ လက်အိတ်များ ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)