ညောင်တုန်း      ၈      ဧပြီ              

ညောင်တုန်းမြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များ/စေတနာရှင်တစ်စု၏ "မျှဝေခြင်း" ကုသိုလ်အဖြစ် မြို့နယ်အတွင်းရှိ အနှေးယာဉ်  လုပ်သားများနှင့် မြို့နယ်စည်ပင်မှ သန့်ရှင်း/ သာယာ/ လှပရေး ဝန်ထမ်းငယ်များအား ဆန်၊ ဆီ အပါ အဝင် စားသောက်ကုန်ပစ္စည်း ခြောက်မျိုးကို ယနေ့ နံနက် ၇ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် လှူဒါန်းပေးခဲ့သည်။ 

ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် အနှေးယာဉ်လုပ်သား လိုင်စင်ကတ်ပြား မှတ်ပုံတင်ထားသောသူများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ရုံးမှ သန့်ရှင်း/ သာယာ/ လှပရေး ဝန်ထမ်းငယ်များ စုစုပေါင်း (၂၆၇) ဦးအား  တစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၃၀) ကျပ်သား၊ ငါးသေတ္တာ (၁) ဗူး၊ ဆား (၅၀) ကျပ်သား၊ ကြက်သွန်နီ (၁) ပိဿာနှင့် အာလူး(၁)ပိဿာ စုစုပေါင်း စားသောက်ကုန် ခြောက်မျိုးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက လှူဒါန်းပေးခဲ့ကြသည်။

"ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလတွင် မြို့နယ်အတွင်း ခရီးသည်ပြည်သူများ နည်းပါးနေသဖြင့်  ကျွန်တော်တို့ဝင်ငွေရရှိမှုမှာလည်း အရင်ထက်စာရင် ဝင်ငွေနည်းပါးနေပါတယ်၊ ခုလို အလှူရှင်များမှ စေတနာထက်သန်စွာ လှူဒါန်းပေးသောကြောင့် ကျေးဇူးတင်ပါသည်ဟု" အနှေးယာဉ် လုပ်သားတစ်ဦး က ပြောကြားသည်။

ဝဠာနိုင် (ညောင်တုန်း)