ညောင်ဦး ၈ ဧပြီ   

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စု ကျေးရွာများတွင် ငမြှောင်တောင်ပိုး ကျရောက်နေခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ အထွက်နှုန်း လျော့ကျလာကြောင်း ပြောင်းဖူးစိုက် တောင်သူ ဦးဝင်းတင်ထံက သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများ၊ သစ်ထောင့်အုပ်စု ကျေးရွာများသည် နွေ၊ မိုး၊ ဆောင်း ပြောင်းဖူးစိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြပြီး ပြောင်းဖူးများကို မြန်မာပြည် အရပ်ရပ်သို့ ပြောင်းဖူးပွဲစားများမှတစ်ဆင့် တင်ပို့ရောင်းချခြင်းဖြစ်ရာ ယခုပြောင်းဖူးခင်းများသို့ ငမြှောင်တောင်ပိုး အလွန်များပြားစွာ ကျရောက်ခြင်းကြောင့် ပြောင်းဖူးအထွက်နှုန်း လျော့ကျလာကြောင်းနှင့်  အရည်အသွေး မပြည်မီသည့် ပြောင်းဖူးများသာ အထွက်များလာကြောင်း ပြောင်းဖူးစိုက် တောင်သူများထံမှ သိရသည်။

 

လွန်ခဲ့သည့်တစ်နှစ်ခန့်က စတင်ပြီး ငမြှောင်တောင်ပိုး ကျရောက်ခဲ့ကာ ပိုးစတင် ကျရောက်ခဲ့စဉ်က ပြောင်းဖူးများ ပျက်စီးမှုမရှိဘဲ ပြောင်းပင်များသာ ကိုက်ဖြတ်ခံခဲ့ရသည်။ ယခုနှစ်နွေရာသီထွက် ပြောင်းဖူးများ အဖူးတိုင်းတွင် ငမြှောင်တောင်ပိုးများ ကိုက်ဖြတ်စားသောက်မှုကြာင့် ရောင်းချရန် ပြောင်းဖူးချိုး (ခူး) ချိန်တွင် ပြောင်းဖူးတစ်ဖူးခြင်း ဈေးနှုန်းမှာလည်း လျော့လာကြောင်း သိရသည်။ ကိုဗစ် - ၁၉ ရောဂါကြောင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ တင်ပို့သည့် ပွဲစားများ မလာရောက်တော့သဖြင့် ပြောင်းဖူးဈေးနှုန်း ကျဆင်းလာကြောင်း၊ ပြောင်းဖူးတစ်ဖူး တစ်ရာ့နှစ်ဆယ်ကျပ်ရှိရာမှ ကိုးဆယ်ကျပ်ဈေးသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ 

 

ပြောင်းဖူးတစ်သီးစိုက်ပျိုးလျှင် ရက်သုံးဆယ်သာ ကြာမြင့်ခြင်းကြောင့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် သစ်ထောင့်ကျွန်းအုပ်စု ကျေးရွာများသည် တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးကြသည်။ မိုးရာသီစိုက်ပြောင်းဖူး တစ်မျိုးသာ ပြောင်းဖူးတစ်သီး ရက်သုံးဆယ်ကျော် ကြာမြင့်ကာ ဆောင်းနှင့် နွေရာသီပြောင်းဖူး စိုက်ပျိုးလျှင် နှစ်ဆယ့်ခုနှစ်ရက်၊ နှစ်ဆယ့်ရှစ်ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် အစေးပြောင်းဖူး၊ သကြားပြောင်းဖူး၊ ကြက်တမော့ပြောင်းဖူးများ စိုက်ပျိုးကြသည်။ မြေအောက်ရေ တူးဖော်ပြီး ရေသွင်းစိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလာခဲ့ရာ ငမြှောင်တောင်ပိုး ကျရောက်ခြင်းနှင့် နယ်ဝေးပွဲစားများ လာရောက်ဝယ်ယူမှု မရှိတော့ခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း လက်ပံခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကျေးရွာ ပြောင်းဖူးစိုက်တောင်သူ ဦးမင်းညိုကရှင်းပြသည်။


                            
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)