နေပြည်တော်   ၈  ဧပြီ

ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယနေ့  နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing  ဖြင့် ချိတ်ဆက်ကျင်းပသည်။

ရှေးဦးစွာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက အပ်နှံထားသည့် ကျောင်းသုံး ဖတ်စာအုပ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်  စာအုပ်အမှာစာ‌စောင်ရေမှာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းကျော် ပုံနှိပ်ပြီးစီးနေပြီ ဖြစ်၍  သတ်မှတ်ကာလအတွင်း ပုံနှိပ်ထုတ်လုပ်ဖြန့်ချိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပြင်ပပုဂ္ဂလိက ပုံနှိပ်တိုက်များသို့ အပ်နှံဆောင်ရွက်သော ကျောင်းသုံးစာအုပ်များအနက် အများစုမှာ ပြီးစီးအောင်ဆောင်ရွက်နိုင် မည်ဟု သိရှိရသော်လည်း  ပုံနှိပ်စက်အချို့က လတ်တလော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ပြီးစီးရန် အခက်အခဲရှိနိုင်သည်ဟု တင်ပြလာခြင်းများအပေါ် စဉ်းစားသုံးသပ်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ညှိနှိုင်း စီစဉ်ဆောင်ရွက်နိုင်ရန်   ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ပုံနှိပ်သည့် အရေအတွက်၊ လက်ရှိ ပြီးစီးနေသည့် အရေအတွက်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကိုလည်းကောင်း၊ ပြင်ပပုဂ္ဂလိက ပုံနှိပ်တိုက်များအနက် သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်မည့် ပုံနှိပ်တိုက်များ၊ နှောင့်နှေးနိုင်သည့် ပုံနှိပ်တိုက်များ၏ အခြေအနေတို့ကို လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လောလောဆယ်အထိ ကျောင်းများဖွင့်ရန် သတ်မှတ်ရက်မှာ ဇွန် ၁ ရက် ဖြစ်ပါကြောင်း၊  ကျောင်းသုံးစာအုပ်များကို ပုံနှိပ်ခြင်းနှင့် ဖြန့်ဝေခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်   ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် သတ်မှတ်ကာလတွင် ဖြန့်ချိနိုင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။ 

ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးစာအုပ်များဖြန့်ချိရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊  ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဒေါက်တာဝင်းထွန်းတို့က ကျောင်းသုံးဖတ်စာအုပ် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုများ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်