နေပြည်တော် ၈ ဧပြီ
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသော နိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကာကွယ်ကုသပေးခြင်း ဆောင်ရွက်နေသော တိုက်နယ်ဆေးရုံများ၊ ကျေးလက် ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများ ဘေးအန္တရယ် ကင်းရှင်းစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုလျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ ကိုဗစ် - ၁၉ ကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်းများကို ကမ္ဘောဇဘဏ်မှ ထပ်မံလှူဒါန်းကြောင်း သိရသည်။
လှူဒါန်းမှုတွင် ပါဝင်သော ပစ္စည်းများမှာ CE Standard PPE ဝတ်စုံများ၊ N95 Mask များ၊ ဆေးရုံသုံး လက်အိတ်များ၊ မျက်မှန်များ၊ သာမိုမီတာများနှင့် Hand Gel လက်သန့်ဆေးရည်ဗူးများဖြစ်သည်။ ဧပြီ ၈ ရက်က ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် ရွှေညောင်မြို့သို့လည်းကောင်း၊ ဧပြီ ၇ ရက်က ကျောက်မဲဆေးရုံသို့လည်းကောင်း၊ ဧပြီ ၉ ရက်တွင် ရွာငံမြို့၊ ပင်းတယမြို့နှင့် မြိုင်မြို့များသို့လည်းကောင်း လှူဒါန်းလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့များသို့ အဆက်မပြတ် လှူဒါန်းသွားမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်သည် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီး ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ကျပ်သိန်း ၂၀၀၀ မတည် လှူဒါန်းထားပြီး အများပြည်သူများ၏ ပါဝင်လှူဒါန်းမှုများကို စုပေါင်းကာ တစ်ဦးလျှင် ဆန် (၃) ပြည်၊ ကုလားပဲ (၁) ပိသာ၊ ဆီ (၁၈) ကျပ်သား ပါဝင်သော ရိက္ခာထုပ်ပေါင်း ၁၀၀,၀၀၀ ကို လိုအပ်လာပါက အသုံးပြုနိုင်ရန် အဆင်သင့်ပြင်ဆင်ထားသည်။ ထို့အပြင် ကျပ်သိန်း ၁၄၆၂၄ တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို လေကြောင်း၊ ကုန်းကြောင်းမှတစ်ဆင့် ဝယ်ယူလှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ခွဲ ပေးအပ်ပြီးဖြစ်သည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ်သိန်းပေါင်း ၁၉၆၂၄ ကို လှူဒါန်းထားပြီး ဆက်လက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့် နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားသည်။ ယနေ့လှူဒါန်းမှုတွင် ရှမ်းပြည်နယ် ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျပ်သိန်း ၃၀၀၀ တန်ဖိုးကို လက်ခံပြီး ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီး ဦးစိုးညွန့်လွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကိုဇော်


