မြစ်ကြီးနား ၈ ဧပြီ
ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ SPIC/ ACHC ကုမ္ပဏီနှင့် ဧရာဝတီဘဏ် လီမီတက်တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် ဆေးရုံသုံးပစ္စည်းများနှင့် ဆန်အိတ်များကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် SPIC/ACHC ကုမ္ပဏီဥက္ကဋ္ဌ Mr. Ping Wei Wei က နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ လှူဒါန်းပေးရခြင်းဖြစ်ကြောင်းနှင့် ဧရာဝတီဘဏ်လီမီတက်မှ မြစ်ကြီးနားဘဏ်ခွဲ တာဝန်ခံ ဦးနေမျိုးနိုင်က ဧရာဝတီဘဏ် ဖောင်ဒေးရှင်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် လှူဒါန်းလျက်ရှိသည့် နည်းတူ ကချင်ပြည်နယ်အတွက်လည်း ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ယခုလိုပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ လာရောက်လှူဒါန်းသည့် ကုမ္ပဏီနှင့် ဧရာဝတီဘဏ် လီမိတက်တို့အား ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ SPIC/ACHC ကုမ္ပဏီဥက္ကဋ္ဌက ကိုယ်ပူချိန်တိုင်းစက် (၅၀) လုံး၊ N95 နှာခေါင်းစည်း (၃၀၀) ခု၊ ဆေးရုံသုံး ကာကွယ်ရေးဝတ်စုံ (PPE) အစုံ (၂၀၀)၊ ကာကွယ်ရေးမျက်မှန် (၂၀၀) ခု၊ Face Mark (၁၀၀၀၀)၊ 84 ပိုးသတ်ဆေး (၅) ပုံး၊ ဆေးရုံသုံး အရက်ပြန် (၂၀၀) ဘူး၊ လက်ဆေးရည်ဘူး (၂၀၀၀) နှင့် လက်ဆေးစင် အစုံ (၃၀) တို့ကိုလည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ဆန်အိတ် (၁၀၀၀) ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက လက်ခံရယူခဲ့သည်။
(ပြည်နယ်ပြန်/ဆက်)


