မိုင်းယောင်း ၉ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေစပါးစိုက် ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယခင်က ငွေစပါးများ စိုက်ပျိုးခဲ့သော်လည်း ရာသီဥတုနှင့် မကိုက်ညီသောကြောင့် ယခုအခါ အထွက်နှုန်း ကောင်းမွန်သော နယူးဧရာဝမ်းစပါးမျိုးကို တိုးချဲ့စိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်း၊ မြေဆီလွှာ၊ ဓာတ်မြေဩဇာများ ထိရောက်စွာ အသုံးပြုစိုက်ပျိုးခဲ့သဖြင့် အောင်မြင် ဖြစ်ထွန်းနေခြင်းဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောသည်။
စိုက်ပျိုးရေးကဏ္ဍကို ဆန်းသစ်ပြောင်းလဲနိုင်ရန်အတွက် အလေအလွင့် နည်းပါးရေးနှင့် ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ ဓာတ်မြေဩဇာအသုံးပြုနည်း၊ စိုက်ပျိုးမြေပြန်လည်ကောင်းမွန်ရေး၊ အထွက်နှုန်း ကောင်း စပါးမျိုးစိုက်ပျိုးရေး၊ ပိုးမွှားကာကွယ်နှိမ်နင်းရေးများကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လျက်ရှိကြောင်း သိရသည်။
တောင်သူများအနေနှင့် စိုက်ပျိုးရေးနယ်ပယ်သို့ စတင်ဝင်ရောက်မည့် လုပ်ငန်းများအတွက် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်ရန် အခွင့်အလမ်းများစွာရှိကြောင်း၊ မိုင်းယောင်းတွင် ရေခံမြေခံ ကောင်းသော်လည်း ရာသီဥတုပြောင်းလဲမှုများသည် စိုက်ပျိုးရေးကဏ္ဍအတွက် အခက်အခဲများစွာ ရှိနိုင်သောကြောင့် ၎င်းအခက်အခဲများကို ပြင်ဆင်ထားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


