ဆီဆိုင် ၉ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်၊ နယ်မြေ(၂)တွင် ဧပြီ ၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့မှ အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသူ ၅ ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ၁၄ ရက်စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးရာတွင် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်နှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မေမြတ်သူတို့က ရွှေလီမြို့မှ ပြန်လည်ရောက်ရှိ လာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့အား အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်သည့် Covid-19 နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။
ရွှေလီမြို့မှ ပြန်လည်ရောက်ရှိလာသူ ၅ ဦးတို့အား မြို့နယ်အဆင့် (COVID-19) အဆုတ်ရောင်ရောဂါ စောင့်ကြပ်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အမျိုးသား ၃ ဦးကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ အမျိုးသမီး ၂ ဦးကို အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင်လည်းကောင်း ထားရှိပြီး ၁၄ ရက် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေးလျက် ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


