နေပြည်တော် ၉ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသော သမ္မတရုံးဝန်ကြီးဌာန၊ သံကူကွန်ကရစ် (၃)ထပ်အဆောက်အအုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် အဆောက်အဦ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း လျာထားချက်နှင့် ပြီးစီးမှုအခြေအနေ၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်ကဏ္ဍအလိုက် ဆောက်ရွက်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုတည်ဆောက်နေသည့် အဆောက်အအုံအား အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးဖွဲ့(၂) အနေဖြင့် စံပြဖြစ်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဆောင်ရွက်နေသော လုပ်သားများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံကူကွန်ကရစ် (၃)ထပ်အဆောက်အအုံ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်


