မော်လူး ၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် ဧပြီ ၉ ရက် နံနက် ၁၀ နာရီက နွေရာသီသောက်သုံးရေ မပြတ်လပ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မော်လူးချောင်းတူဖော်ခြင်းနှင့် ချောင်းဖြောင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။
မော်လူး-စီးမော်ချောင်းသည် နန်းခွင်ကျင်ရွာနှင့် ညောင်ပင်သာရွာထိပ်ချောင်းဖျားမှ စတင်စီးဆင်းလာ၍ ညောင်ပင်သာ၊ စီးမော်၊ မော်လူး၊ အုန်းဒုတ်၊ မင်းသာရွာများသို့ဖြတ်ကာ မော်လူးချောင်းအမည်ဖြင့် သူရောင်းလေးတန်ချောင်းသို့ စီးဝင်သွားခဲ့သည်။
အဆိုပါမော်လူးချောင်းသည် နှစ်ပေါင်းကြာမြင့်လာသည့်အလျှောက် ယခုအခါ လူအများ စည်းမဲ့ကမ်းစွန့်ပစ်သော အမှိုက်များကြောင့် ရေစီးရေလာအားနည်းခြင်း၊ အချို့မှာ ချောင်းနယ်အတွင်းသို့ ဝင်းခြံခပ်၍ အခင်းလုပ်ခြင်း ဧရိယာတတ်မှတ်ခြင်းများကို ပြုလုပ်လာသဖြင့် ချောင်းမှာ တစ်ဖြည်းဖြည်း တိမ်ကောလာခဲ့ရသည့်အတွက် အဆိုပါချောင်းကို အမီပြုသုံးစွဲကြသည့် ကျေးရွာ(၈)ရွာ အိမ်ထောင်စု ၂၀ဝ၀ ကျော်ခန့်တို့၏ သောက်သုံးရေအခက်အခဲနှင့် နွေရာသီ မီးဘေးအန္တရာယ်အတွက် ချောင်းရေစီးရေလာကောင်းရန် ချောင်းဖြောင့်ခြင်းနှင့် ချောင်းဆယ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ကြခြင်းဖြစ်သည်။
"ဒီချောင်းဟာ တိမ်ကောနေတာကြာပါပြီ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ အခုလို ဆယ်ယူခြင်းအားဖြင့် ရေစီးရေလာကောင်းပြီး ရေကြီးရေလျှံခြင်းတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ ဒီချောင်းကို ဆယ်ယူနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၄၀ ဖြင့် အကျယ်(၂၀)ပေ၊ အရှည်ပေ(၈၀ဝ၀)ကျော်ကို ဆောင်ရွက်သွားမှာပါ" ဟု မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။
အဆိုပါလုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မော်လူးမြို့ မော်လူး-စီးမော်ချောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
"အခုလို ချောင်းဖြောင့်ပေးတဲ့အတွက် အကယ်၍ မီးလောင်မှုဖြစ်ခဲ့မယ်ဆိုရင် ရေအင်အားနဲ့ မီးလောင်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ပါတယ်၊ အားလုံးအတွက်လည်း အဆင်ပြေပါတယ်"ဟု မော်လူးနယ်မြေမီးသတ်စခန်းတာဝန်ခံ ဒုမြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်က ပြောသည်။
ဆက်လက်၍ မန်ကျည်းကုန်းရွာတာဝန်ခံ ဦးစိန်မောင်းက "ဒီချောင်းတိမ်ကောနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ အခုအချိန်မှ ချောင်းကိုဆယ်ယူတာပါ ချောင်းလည်းသန့်ရှင်းသလို သူဧရိယာ ကိုယ့်ဧရိယာလည်း သတ်မှတ်ပြီးသား ဖြစ်သွားတဲ့အတွက် ကောင်းသလို ဒီချောင်းအမှီပြုနေထိုင်ကြတဲ့ ကျေးရွာအားလုံးကိုလည်း အဆင်ပြေစေပါတယ်" ဟု ပြောသည်။
"ဒီချောင်းကို သုံးစွဲနေကြတာ (၈)ရွာရှိပါတယ်။ အခုလိုဒီချောင်းကို စက်ယန္တရားနဲ့ ဆယ်ယူပေးတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ချောင်းတွေကို အသစ်တစ်ဖန်ချဲ့တာတွေ၊ ရေစီးရေလာကောင်းအောင် လုပ်တာတွေကြောင့် ကျွန်တော့်အနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်" ဟု မင်းသာရွာတာဝန်ခံ ဦးကျော်သန်းက ပြောသည်။
အဆိုပါချောင်းတူးဖော်ရာသို့ မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မော်လူးမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုချောင်းတူးဖော်ပြီးစီးပါက ကျေးရွာ (၈)များမှ အိမ်ထောင်စု ၂၀ဝ၀ ကျော်ခန့်နှင့် လူဦးရေ ၁၀ဝ၀ဝ ကျော်ခန့်တို့၏ သောက်သုံးရေအခက်အခဲနှင့် နွေရာသီ မီးဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်မည် ဖြစ်ကြောင်း နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ရေစီးရေလာကောင်းမွန်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
နီတိုး


