ရန်ကုန်  ၁၀  ဧပြီ  

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့တို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာများနှင့် အခြားဘာသာရေးကျောင်းများသို့ လှူဒါန်းမည်ဖြစ်ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ဧပြီ ၉ ရက် ညနေ ၄ နာရီ ၌ လှည်းကူးမြို့နယ်ဘုန်းတော်ကြီးကျောင်းများသို့ စတင်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှည်းကူးမြို့နယ် အမြန်လမ်း မိုင်တိုင် ၁ / ၁ ရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကန်တော့၍ ဆန် ၊ ဆီ ၊ ဆား ၊ ပဲကတ္တီပါ ၊ ကြက်သွန်နီနှင့် အခြားစားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။ 
ဆက်လက်၍ မဟာစည် သတိပဌာန် ဝိပဿနာ ကုသိန္နာရုံ ပရိယတ္တိ ဓမ္မဗိမာန် စာသင်တိုက် ၊ မိုးကုတ်မဂ္ဂင်ကျောင်းတိုက် ၊ မဟာဇေယျမင်းကျောင်း ပရိယတ္တိစာသင်တိုက် တို့၏ဆရာတော်များအား ဆန် ၊ ဆီ ၊ ဆား ၊ ပဲကတ္တီပါ ၊ ကြက်သွန်နီ နှင့်အခြားစားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

ယခုလှူဒါန်းခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ မိတ်ဆွေများအဖွဲ့တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း စာရင်းကောက်ယူပြီး လိုအပ်ချက်များအရ ဘုန်းတော်ကြီးကျောင်း ( ၆၁၉၅ ) ကျောင်း၊ သီလရှင်ကျောင်း ( ၇၉၇ ) ကျောင်း၊ ပရဟိတဂေဟာ ( ၂၆၄ ) ခု ၊ဘိုးဘွားရိပ်သာ ( ၈ ) ခု ၊ အခြားဘာသာရေး စာသင်ကျောင်း( ၁၀၈ ) ကျောင်းများသို့ ကျပ်သိန်းပေါင်း ( ၃၆၁၄) ကျပ်တန်ဖိုးရှိ ဆန် ၊ ဆီ ၊ ဆား ၊ ပဲကတ္တီပါ ၊ ကြက်သွန်နီ ၊ ခေါက်ဆွဲခြောက် ၊ကော်ပြန့်ဗူး  နှင့်အခြာစားသောက်ကုန် ပစ္စည်းများကိုဧပြီလကုန်အထိဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)