မြဝတီ  

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံ တော်အစိုးရ၏ပံ့ပိုးမှုဖြင့်  သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့  နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဝေငှရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ ပါဝင်ပြီး ပထမဦးစားပေးစာရင်းအရ အမှတ်(၄)ရပ် ကွက်ရှိ အိမ်ထောင်စု ၂၀ဝ စုအား ယခုကဲ့သို့ ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)

 

 

ကြာအင်းဆိပ်ကြီး 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်များကို ယနေ့နံနက်ပိုင်းအချိန်က စတင်ကာ ဝေငှပေးလျက်ရှိရာ အိမ်ထောင်စုတစ်စုလျင် အခြေခံစားကုန် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ စားကုန်ငါးမျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မျိုးမင်းဦး(ပြန်/ဆက်)