လွိုင်ကော်
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ် Coronavirus Disease 2019 (COVID −19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်နီစသည်တို့အား ယနေ့ နံနက်ပိုင်းမှစတင်ပြီး ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအများဆုံးရှိသည့် လွိုင်ကော်မြို့နယ်အား ဧပြီလ ၁၀ ရက်နေ့တွင် ဖြန့်ဝေနိုင်ရေးအတွက် စီမံဆောင်ရွက်ပြီး လွိုင်ကော်မြို့နယ်အတွင်းရှိ မင်္ဂလာရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများသို့ ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိသာ ၊ ဆား(၅၀)ကျပ်သားနှင့် ကြက်သွန်နီ (၁)ပိသာ တို့အား ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ကယားပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန် (၅)မျိုး ဖြန့်ဝေနိုင်ရေးအတွက် စာရင်းကောက်ယူခဲ့ရာ လွိုင်ကော် မြို့နယ်တွင် အိမ်ထောင်စု(၆၈၃၁)စု၊ ဒီးမော့ဆိုမြို့နယ်တွင် အိမ်ထောင်စု(၅၇၄၁)စု၊ ဖရူဆိုမြို့နယ်တွင် အိမ်ထောင်စု (၁၁၇၃)စု၊ ရှားတော မြို့နယ်တွင် အိမ်ထောင်စု (၂၂၄)စု၊ ဘောလခဲမြို့နယ်တွင် အိမ်ထောင်စု (၄၇၈)စု၊ ဖားဆောင်း မြို့နယ်တွင် အိမ်ထောင်စု (၁၀၈၃)စု၊ မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စု (၉၇၁)စု ၊ စုစုပေါင်း (၁၆၅၂၁)စုအား အခြေခံစားသောက်ကုန်(၅)မျိုး ဖြန့်ဝေသွားမည်ဖြစ်ရာ ဆန်(၅၅၀၆.၈)အိတ်၊ ဆီ (၈၂၆၀.၅) ပိဿာ၊ ဆား(၈၂၆၀.၅)ပိဿာ၊ ကြက်သွန်နီ (၁၆၅၂၁)ပိဿာ၊ ပဲ(၁၆၅၂၁)ပိဿာအား ပံ့ပိုးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထွန်းလေး (ပြန်/ဆက်)
ဆီဆိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်(၅)မျိုးကို ဧပြီ ၁၀ ရက် နေ့လည် ၁၂ နာရီက ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းထောက်ပံ့ပေးရာတွင် ပထမရက်အနေဖြင့် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်နှင့် အောင်သပြေရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု (၂၀၀)စုအား အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာ၊ ဆီ(၅၀)ကျပ်သားနှင့် ကြက်သွန်နီ တစ်ပိဿာနှုန်းဖြင့် ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၆၄၁ စု၊ လူဦးရေ ၁၃၇၉၅ ဦးရှိပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)
မကွေး
မကွေးခရိုင်အတွင်း မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မြို့သစ်နှင့် တောင်တွင်းကြီးမြို့နယ်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၈၅၄၀၅)စုအတွက် ဆန်အိတ် ၂၈၄၆၈ ဒသမ ၃၃ အိတ်၊ ဆီ ၄၂၇၀၂ ဒသမ ၅၀ ပိဿာ၊ ပဲ ၈၅၄၀၅ ပိဿာ၊ ဆား ၄၂၇၀၂ ဒသမ ၅၀ပိဿာနှင့် ကြက်သွန်နီ ၈၅၄၀၅ ပိဿာတို့ကို မြို့နယ်အသီးသီးသို့ ထောက်ပံ့နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)
မိတ္ထီလာ
မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ဖြန့်ဖြူးသည့် ထောက်ပံ့မှု ၅ မျိုးကို ဧပြီလ ၁၀ ရက်နေ့ အဆိုပါအိမ်ထောင်စုများထံသို့ ခရိုင်မြို့နယ်တာဝန်ရှိသူများက လိုက်လံထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဝန်ဇင်း၊ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ ပြည်သာယာ(မ) ရပ်ကွက်များမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ဖြန့်ဖြူးသည့် တစ်အိမ်ထောင်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ကျပ်သား၊ ဆား ၅၀ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီ တစ်ပိဿာ စုစုပေါင်းထောက်ပံ့မှု ၅ မျိုးကို တာဝန်ရှိသူများကလိုက်လံ ထောက်ပံ့ပေးအပ်သည်။
ကျန်ရှိသည့် ရပ်ကွက်များနှင့် ကျေးရွာများသို့လည်း အဆင့်ဆင့်ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာမြို့နယ်အတွင်း ထောက်ပံ့ဖြန့်ဖြူးရမည့် ဆန်အိတ်အရေအတွက်မှာ တစ်သောင်းတစ်ထောင်ကျော်ခန့်ရှိ၍ ဧပြီလ ၁၀ ရက်နေ့မှ ဧပြီလ ၁၁ ရက်အတွင်း ပြီးစီးအောင်ထောက်ပံ့ဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


