ဘားအံ ၁၀ ဧပြီ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့နံနက် ၇ နာရီခွဲက ဘားအံမြို့ အမှတ် (၉) ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ရတနာလမ်းရှိ အိမ်ထောင်စု (၂၀၀) အတွက် အိမ်ထောင်စု တစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာတို့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


