မန္တလေး  ၁၀  ဧပြီ 

 

မန္တလေးမြို့တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် စားသောက်ကုန်များအား ယနေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အတွင်း လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေပေးရာတွင် နိုင်ငံတော်မှ ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီ တစ်ပိဿာ စသည့်ပစ္စည်းငါးမျိုးကို ကြိုတင်ကောက်ယူထားသည့် အိမ်ထောင်စု စာရင်းများအတိုင်း မြို့နယ်အလိုက် ရပ်ကွက်အတွင်း လိုက်လံ၍ တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေပေးသွားမည်ကြောင်း အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းလင်းက ပြောသည်။

 

“ကျွန်တော်တို့ သီရိမာလာ အနောက်ရပ်ကွက်မှာ အိမ်ထောင်စုပေါင်း ၁၈၅၂ စုနဲ့ လူဦးရေ ၉၇၂၀ ဦး နေထိုင်ပါတယ်။ အခုနိုင်ငံတော်က ထောက်ပံ့ပေးမယ့် စားသောက်ကုန်တွေကို လက်လုပ်လက်စား၊ အခြေခံ လူတန်းစားတွေဖြစ်တဲ့ အိမ်ထောင်စု ၉၉၀ က လူဦးရေ ၄၉၈၀ အတွက် ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။  ကျွန်တော်တို့ ရပ်ကွက်အတွင်းမှာ နေထိုင်ကြတဲ့ အခြေခံလူတန်းစားတွေရဲ့ စာရင်းကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ အချက် ၃၀ နဲ့ ကိုက်ညီသူတွေကို စိစစ်ရွေးချယ်ပြီး အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ရောဂါ ဂယက်ကြောင့် အလုပ်မလုပ်နိုင်လို့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် အခုလို နိုင်ငံတော်က ထောက်ပံ့ကူညီမှုတွေပေးတာကို ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်။ သူတို့အတွက် အခုလိုစားသောက်ကုန်တွေ ဖြန့်ဝေပေးရတာကိုလည်း ဝိုင်းဝန်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

 

''ကျွန်မတို့လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေကို အခုလို စားသောက်ကုန်တွေ လာရောက်ထောက်ပံ့ လိုက်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒီရပ်ကွက်မှာ နေကြသူတွေက မြစ်ဆိပ်မှာ ကုန်ထမ်းပြီး ရပ်တည်နေကြသူတွေပါ။ အခု ကိုဗစ်-၁၉ ရောဂါကြောင့် ၁၅ ရက်လောက် အလုပ်နားကြရမှာဖြစ်လို့ စားဝတ်နေရေးအတွက် စိတ်ညစ်နေကြပါတယ်။ အခုလို နိုင်ငံတော်ကလည်း ထောက်ပံ့ပေးတယ်။ အခြားအလှူရှင်တွေကလည်း လာရောက်လှူဒါန်းပေးနေတာတွေ ရှိတဲ့အတွက် အဆင်ပြေနေကြပါတယ်။ ကျွန်မအနေနဲ့ အသက် ၅၈ နှစ်အတွင်းမှာ အခုလို နိုင်ငံတော်က ထောက်ပံ့ပေးတာကို ပထမဆုံးကြုံတွေ့ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်” ဟု အောင်မြေသာစံမြို့နယ် မရမ်းခြံရပ်ကွက်အတွင်း နေထိုင်သူ ဒေါ်မြင့်မြင့်သန်းက  ပြောသည်။

 

နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် စားသောက်ကုန်များအား အခြေခံလူတန်းစားများအတွက် ဖြန့်ဝေပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက်လည်း လူစုလူဝေးမဖြစ်ပေါ်စေရန် ရပ်ကွက်အတွင်း လှည့်လည်၍ သုံးယောက်တစ်တွဲနှုန်းဖြင့် ခေါ်ယူကာ စနစ်တကျ ဖြန့်ဝေပေးပြီး ယနေ့ သွားရောက်ထောက်ပံ့ပေးခဲ့သည့် မရမ်းခြံ ရပ်ကွက်တွင် အိမ်ထောင်စု ၂၉၀ စု နေထိုင်ကြပြီး ၎င်းတို့အနက် အခြေခံလူတန်းစား အိမ်ထောင်စု ၁၉၁ စုကို စာရင်းကောက်ယူ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)