ကော့မှူး ၁၀ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ဆေးခြင်းပြုလုပ်နိုင်ရန် နေရာ ၂၇ နေရာ၌ လက်ဆေးဘေစင်များ ထားရှိပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်တွင် ၅ နေရာနှင့် ကျေးရွာများတွင် ၂၂ နေရာ စုစုပေါင်း ၂၇ နေရာတို့ရှိ လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၇ နာရီက အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဝင်များနှင့် ပူးပေါင်းအဖွဲ့များက လက်ဆေးဘေစင်များ လိုက်လံတပ်ဆင်ပေးခြင်း၊ ဆပ်ပြာရည်၊ လက်သန့်စင်ဆေးရည်၊ တစ်ရှူးဘူးများထားရှိ ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သံသယရောဂါလက္ခဏာများ၊ ကူးစက်ပုံနည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် အချက်များကို ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲပေးထားကြောင်း သိရသည်။
ကျော်ဆန်း


