ပူတာအို  ၁၀  ဧပြီ 

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပူတာအိုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

လှူဒါန်းပွဲတွင် Snowland Hotel မိသားစုနှင့် ကို၀င်းအောင် မိသားစုတို့က PPE ၀တ်စုံ ၃၀ စုံနှင့် Goggles  အခု ၃၀ တို့ကိုလည်းကောင်း၊ ဦးစောနွဲ့သိုက်ရွှေ (မလိခညီအစ်ကိုများ ကုမ္ဗဏီလီမီတက်)မိသားစုတို့က ဒီဇယ် တစ်ပေပါ၊ ဓာတ်ဆီ တစ်ပေပါ၊ Face Mask အခု  ၄၀၀၊ Examination Glove ၇ ဘူးနှင့် Hand gel ၄ ဘူးတို့ကို လည်းကောင်း၊ ပါဝါရှိုင်းကုမ္ဗဏီလီမီတက်က PPE ၀တ်စုံ ၃ စုံတို့ကို သက်ဆိုင်ရာ တာ၀န်ရှိသူများက အသီးသီး ပေးအပ်လှူဒါန်းရာ ပူတာအိုခရိုင် ကိုဗစ်-၁၉‌‌ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် တာ၀န်ရှိသူများက လက်ခံရယူသည်။

 

အဆိုပါလှူဒါန်းပွဲတွင် ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ပူတာအိုခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ကာကွယ်ရေး လုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)