ဗန်းမော် ၁၀ ဧပြီ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (MASK)၊ PPE ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မင်္ဂလာ ဗန်းမော်ကုမ္ပဏီနှင့် Red House ပရိဘောဂဆိုင်မှ တာဝန်ခံ ဦးကျော်စောဦးက Mask (၇ဝဝ)ခု၊ PPE ဝတ်စုံ(၁ဝ)စုံ၊ ကာကွယ်ရေးမျက်မှန် (၁၅)လက်နှင့် လက်အိတ်(၁ဝဝ)စုံတို့ကိုလည်းကောင်း၊ သီးစိန်ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်ဆန်းဝင်းက အိပ်ယာလိပ်၊ စောင်၊ ခေါင်းအုံးနှင့် ခြင်ထောင်အစုံ(၁ဝဝ)စုံ၊ Mask (၂ဝဝဝ)ခု၊ လက်ဆေးရည် (၂၄)ဘူးပါ (၂)ဖာနှင့် အပူချိန်တိုင်းစက် (၁)လုံးတို့ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းသည့်ပစ္စည်းများကို ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


