ရန်ကုန် ၁၀ ဧပြီ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဖူလီလိုက်ကုမ္ပဏီအုပ်စု ဒါရိုက်တာ ဦးစိန်မြင့်တို့က လှူဒါန်းရသည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုကဲ့သို့ အလှူရှင်များ လှူဒါန်းသည့် လှူဒါန်းငွေနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုကာ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်သဖြင့် ကိုဗစ်-၁၉ လူနာများ အတွက်အသုံးပြုနိုင်မည်ဖြစ်ကာ နောင်ကာလများတွင် ရောဂါဝေဒနာအမျိုးမျိုးနှင့် လူနာများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများအတွက် အထူးကြပ်မတ်ကုသမှု မွမ်းမံသင်ကြားမှုများ ပြုလုပ်သွားမည် ဖြစ်သဖြင့် ရေရှည်တွင် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်သူများကိုယ်တိုင်ပါဝင်ပြီး လက်တွဲညီညွတ်စွာ ဆောင်ရွက်မှုများဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုကို လက်ခံခဲ့ပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။
အဆိုပါ လှူဒါန်းပွဲ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ညီနောင်အသင်း (၁၁)သင်းနှင့် FID ဟိုတယ်များက ငွေကျပ်သိန်း (၁,၀၀၀) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဖူလီလိုက် ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဦးလီကျိန်းချန်(ခ)ဦးလျိုအားပေါက်၊ ဒါရိုက်တာ သီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင်က ငွေကျပ် သိန်း (၁,၁၅၀) ၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက ငွေကျပ်သိန်း (၁,၀၀၀) ၊ SPIC Yunnan International Power Investment Co.ltd က အမေရိကန်ဒေါ်လာ (၆၁,၀၀၀) တန်ဖိုးရှိ နှာခေါင်းနှင့် ပါးစပ်စည်းများ၊ N95 Mask များ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ဝတ်စုံများ၊ Goggle များ၊ လက်အိတ်များနှင့် Thermometer များ၊ Eight - Japan Engineering Consultants Inc (Japan) က အမေရိကန်ဒေါ်လာ (၃၀,၀၀၀)၊ Multi World Company ltd က အမေရိကန်ဒေါ်လာ (၁၀,၀၀၀)၊ Lucky Boy Hotpot & BBQ က ငွေကျပ် (၈၅ဒသမ၇) သိန်း တန်ဖိုးရှိ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ဝတ်စုံများ၊ နှာခေါင်းနှင့် ပါးစပ်စည်းများ၊ လက်အိတ်များ၊ Goggle များနှင့် Shoe cover များ၊ သြစတြေးလျရောက် မြန်မာမိသားစုက ငွေ ကျပ် (၇၆) သိန်း ၊ Mitaus Co.ltd က ငွေကျပ် (၃၆ဒသမ၃၅) သိန်း၊ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM)က ငွေကျပ် သိန်း (၂၀) ၊ Ever Sunny Industrial Co.ltd က ငွေကျပ် (၁၀)သိန်းနှင့် ငွေကျပ် (၃) သိန်းတန်ဖိုးရှိ Coffeemix နှင့် လက်သန့်စင်ဆေးရည်များ၊ တစ်နိုင်ငံလုံးဆိုင်ရာ အခြေခံဓာတ်ခွဲကျွမ်းကျင် (၃)များအဖွဲ့က ငွေကျပ် (၁၁ ဒသမ ၆) သိန်း၊ ဂျပန်နိုင်ငံမှ မမေမျိုးလွင်က ငွေကျပ်(၁၀)သိန်း၊ ဦးအောင်ကိုနိုင်+ဒေါ်နှင်းဖြူဖြူအောင် မိသားစု၊ ရန်ကုန်မြို့က ငွေကျပ်(၁၀)သိန်း၊ မြန်မာ ဘောလီဘော လူမှုရေးအသင်းက ငွေကျပ် (၁၀) သိန်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ဝန်ထမ်းမိသားစုက ငွေကျပ် (၇ ဒသမ ၇) သိန်းတို့ကို အသီးသီးလှူဒါန်းခဲ့သည်။
သတင်းစဉ်


