နေပြည်တော်   ၁၀  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်(၅)မျိုး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော် ပျဉ်းမနားမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (စုပေါင်းရုံး)တွင် ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူတို့က နိုင်ငံတော်မှထောက်ပံ့သော အခြေခံစားသောက်ကုန်(၅)မျိုးအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ကံဦးရပ်ကွက်၌ စိုးလျှပ်စစ် ဖောင်ဒေးရှင်းမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် (၅) မျိုး အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်နေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့အတူ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် လယ်ဝေးမြို့ အမှတ်(၁)နှင့် အမှတ်(၂) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု (၁၀၈၀)ကို အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ  စားသောက်ကုန်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

 

အလားတူ လယ်ဝေးမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၈၄၉၈) စုကိုလည်း ဆက်လက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-ကိုထိန်