ပင်လောင်း ၁၀ ဧပြီ
ပင်လောင်းမြို့နယ်တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်ကုန် (၅) မျိုးကို ယနေ့ နံနက် ၁၀ နာရီက စာရင်းပြုစုထားသည့် အိမ်ထောင်စုများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် တို့က အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများနှင့် မြို့မိမြို့ဖတို့က ပင်လောင်းမြို့ပေါ် (၁၀) ရပ်ကွက်အတွင်းရှိ ထောက်ပံ့ ပေးရမည့် အိမ်ထောင်စု (၁၇၆) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ပဲ(၁) ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား(၅၀) ကျပ်သား ဖြန့်ဝေပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူပေးကြသည်။
အဆိုပါ ဖြန့်ဖြူးထောက်ပံ့မှု လုပ်ငန်းများအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့များမှ ဧပြီ ၁၁ ရက်တွင် နောင်တရားမြို့၊ ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက် (၉) ရပ်ကွက်နှင့် အိမ်ထောင်စု (၁၂၄) စုကို လည်းကောင်း၊ ဧပြီ ၁၂ ရက်တွင် ကျန်ရှိသည့် ကျေးရွာများမှ အိမ်ထောင်စု (၂၀၀) စုကို လည်းကောင်း ဆက်လက်ဖြန့်ဖြူး ထောက်ပံ့ပေးမည်ဖြစ်သည်။
ပင်လောင်းမြို့နယ်၌ (ပထမ)အကြိမ် ဖြန့်ဖြူးထောက်ပံ့ပေးသည့် စုစုပေါင်းအိမ်ထောင်စု (၅၀၀)စုရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)



