နေပြည်တော် ၁၀ ဧပြီ

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် Coronavirus Disease 2019 (COVID-19) ကို ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်ခံစားရ လျက်ရှိချိန်တွင် အခြားသောနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်ပေးရန်နှင့် လူမှုစီးပွားဘဝများ ထိခိုက်လာနိုင်မှုကို လျှော့ချပေးရန်တို့ အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံ၏အရင်းအမြစ် အကန့်အသတ်များကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရသည် COVID-19 ကို ကာကွယ်ထိန်းချုပ်ရာတွင် အမျိုးသားတစ်ရပ်လုံး ကြိုးပမ်းအားထုတ်မှု၏ အောင်မြင်မှုသော့ချက် ဖြစ်သည့် ပြည်သူ့အင်အားရယူခြင်း၊ ပြည်သူများအား အသိပညာပေးခြင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်စေခြင်းတို့ကို ဆောင်ရွက်လျက် စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်ရန် အစိုးရဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ အားလုံးမှ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 

မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ထားခြင်း မဖြစ်စေရန်အတွက် အစိုးရအနေဖြင့် COVID-19 ရောဂါနှင့် စပ်လျဉ်း၍ ပြည်သူများအား အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး၊ ရခိုင်နှင့် မွတ်စလင်ကျေးရွာများ အနေဖြင့်လည်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ) အပါအဝင် နိုင်ငံတစ်ဝန်းရှိ အသိုက်အဝန်းများ အားလုံးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ဖြန့်ဝေအသိပေးလျက် ရှိပါသည်။ အင်တာနက် ယာယီဖြတ်တောက်ထားသည့် ဒေသများတွင်လည်း နိုင်ငံတော်အစိုးရသည် မိုဘိုင်းဖုန်းကုမ္ပဏီများနှင့် ပူးပေါင်း၍ စာသားသတင်းတိုများ ပေးပို့သည့် ဝန်ဆောင်မှုစနစ်များနှင့် ရပ်ကွက်အတွင်း လိုက်လံကြေညာချက်များ မှတစ်ဆင့် COVID-19 နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်တွင်းနေရပ် စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားလာပါက ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် လုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲခဲ့ပြီး၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

 

၂၀၁၉ ခုနှစ် အစောပိုင်းကာလမှစ၍ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင် တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသည့် ဒေသများတွင် လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ရေးသည် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေခဲ့ပါသည်။ COVID-19 ကူးစက်ပြန့်ပွားမှု အန္တရာယ်ကြောင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ လက်ရှိစိန်ခေါ်မှု များကို ပိုမိုဆိုးရွားလာစေနိုင်သည့်အတွက် နိုင်ငံတော်အစိုးရသည် ကုလသမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်အစိုးရသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအား ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် များတွင် စားနပ်ရိက္ခာ အထောက်အပံ့များ ပုံမှန်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ခွင့်ပြုထားပါသည်။ ထို့ပြင် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့အား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စမီးမြို့ရှိ လက်နက်ကိုင်တိုက်ပွဲများကြောင့် ထိခိုက်ခံစား ရသူများအတွက် ဧပြီလ၊ ပထမပတ်အတွင်း စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေးအတွက် ခွင့်ပြုခဲ့ပါသည်။

 

နိုင်ငံတော်အစိုးရသည် ပဋိပက္ခဘေးဒဏ် ခံစားနေရသည့် ဒေသများတွင် ရောဂါဖြစ်ပွားလာပါက ထိထိရောက်ရောက် နှင့် အချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူသားချင်းစာနာမှု အဖွဲ့အစည်းများအား သွားရောက်ခွင့်ပြုသည့် လုပ်ငန်းစဉ် များကို ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် ပြန်လည်သုံးသပ်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့များအား အကူအညီများ သွားရောက်ခွင့်ကို တိုးမြှင့်ပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်၏ နေရာအချို့တွင် အင်တာနက်ဝန်ဆောင်မှုများ မရရှိနိုင်သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မိုဘိုင်းနှင့် စာသား သတင်းတို ပေးပို့မှုစသည့် ဝန်ဆောင်မှုများကို အသုံးပြု၍ ပြည်သူများနှင့် ဆက်သွယ်နိုင်ပါသည်။

 

ရခိုင်ပြည်နယ်ရှိ အချို့နေရာများတွင် အင်တာနက် ယာယီရပ်ဆိုင်းထားရခြင်း၏ အဓိက အကြောင်းရင်းမှာ အေအေ လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေးအကျိုးအမြတ်များအတွက် အင်တာနက်ကို အလွဲသုံးစား ပြုခြင်းမှ တားဆီးနိုင်ရန် ဖြစ်ပါသည်။ အေအေသည် ကြိုတင်စီစဉ်၍ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ မြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တပ်သားအင်အား စုဆောင်းခြင်းနှင့် တိုင်းရင်းသား လူမျိုးများအကြား အမုန်းတရားများ လှုံ့ဆော်ခြင်း တို့အတွက် အင်တာနက်နှင့် လူမှုမီဒီယာကို အသုံးချအမြတ်ထုတ်ခဲ့ပြီး၊ ယင်းလုပ်ရပ်များမှာ လူမျိုးရေး သဟဇာတဖြစ်မှုနှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ရန် အစိုးရ၏ ကြိုးပမ်းမှုများကို ဆိုးရွားစွာ အဟန့်အတား ဖြစ်စေပါသည်။

 

နိုင်ငံတော်အစိုးရသည် စတင်တာဝန်ယူသည့် အချိန်မှစ၍ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်း ပဋိပက္ခများအား အဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များစွာနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အေအေက အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသည့်တိုင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကိုရှေးရှု၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးပွဲများကို ၃၀-၄-၂၀၁၉ ရက်တွင် နမ့်ခမ်းမြို့၌လည်းကောင်း၊ ၃၁-၈-၂၀၁၉ ရက် နှင့် ၁၇-၉-၂၀၁၉ ရက်တို့တွင် ကျိုင်းတုံမြို့၌ လည်းကောင်း၊ ၁၄-၁၂-၂၀၁၉ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌လည်းကောင်း အကြိမ်ကြိမ် ကျင်းပခဲ့ပါသည်။ သို့သော်လည်း အေအေအနေဖြင့် အကြမ်းဖက်မှုဖြင့်သာ ပြန်လည်တုံ့ပြန်ခဲ့ပါသည်။

 

အေအေအဖွဲ့အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့က တစ်ဖက်သတ် အပစ်အခတ် ရပ်စဲထားခြင်းကို Covid-19 ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အနှောင့်အယှက် မဖြစ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်ဆိုသော်လည်း ယင်းမှာ ၎င်းတို့၏ နိုင်ငံရေး အကျိုးအမြတ်အတွက်မှလွဲ၍ မည်သည်ကိုမျှ အကျိုးမပြုကြောင်း တွေ့ရပါသည်။ အေအေနေဖြင့် အလားတူ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အစောပိုင်း တွင် ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့လုပ်ရပ်များသည် ကြေညာချက်များနှင့် လက်တွေ့တွင် ကိုက်ညီမှုမရှိသည်ကို တွေ့ရပါသည်။ အပစ်အခတ်ရပ်စဲသည့် ကာလအတွင်း၌ပင် အေအေသည် လုံခြုံရေးစခန်းနှင့် တပ်မတော် စစ်ကြောင်းများအား အင်အားအလုံးအရင်းဖြင့် ဆက်တိုက်တိုက်ခိုက်လျက်ရှိပြီး၊ တပ်မတော်၏ အချက်အချာကျသည့် မီးဝစခန်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

 

အေအေသည် ဒေသခံပြည်သူများအား ခြိမ်းခြောက်မှုများနှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်အောင် ဆက်လက်ပြုလုပ် လျက်ရှိပြီး၊ အရပ်သားအသွင်ယူ၍ လည်းကောင်း၊ အရပ်သားများကို အကာအကွယ်ယူ၍ လည်းကောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးစခန်းများအား တိုက်ခိုက်လျက်ရှိပါသည်။ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြား သွားစေရန်ရည်ရွယ်၍ လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်း ဖောက်ခွဲမှုများအပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်မှုများကို ပြုလုပ်လျက် ရှိပါသည်။

 

ပြည်သူများ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်များနှင့် အရေးကြီးသည့် အခြေခံအဆောက်အအုံများ၊ အစိုးရပိုင် အဆောက်အအုံများကို ဆိုးရွားစွာ ပျက်စီးဆုံးရှုံးစေခဲ့သည့် အေအေကျူးလွန်မှုများသည် အကြမ်းဖက်မှု လုပ်ရပ်များ ဖြစ်သည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အေအေ အား အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် ကြေညာခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အေအေ အား မတရားအသင်းအဖြစ် ကြေညာခဲ့ပါသည်။ မည်သည့်ပုံသဏ္ဍာန်မျိုးဖြင့် အကြမ်းဖက်မှုကိုမဆို ရှုတ်ချရမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အေအေကဲ့သို့ အကြမ်းဖက်အဖွဲ့အား ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ မည်ကဲ့သို့သော ကူညီထောက်ပံ့မှုမျိုးကိုမျှ ပေးအပ်ခြင်း မပြုသင့်ကြောင်း ဖော်ပြလိုပါသည်။ ယခုကဲ့သို့သော လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်နိုင်မှသာ ရခိုင်ဒေသခံပြည်သူများ လက်ရှိ ရင်ဆိုင်နေရသော လူသားချင်းစာနာမှု ပြဿနာများကို ချုပ်ငြိမ်းစေနိုင်မည် ဖြစ်ပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်။

 

Ref: Ministry of Foreign Affairs Myanmar