ရန်ကုန် ၁၀ ဧပြီ

 

ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးရေး ကာလအတွင်း ရန်ကုန်မြို့နေ ပြည်သူများအတွက် စားနပ်ရိက္ခာ ပို့ဆောင် ကူညီရေး အစီအစဉ်အရ အခြေခံစားသောက်ကုန်များကို မူလစျေးနှုန်းထက် အသက်သာဆုံး စျေးနှုန်းဖြင့် အကျိုးအမြတ် ရယူခြင်းမပြုဘဲ လူထုအခြေပြု ပရဟိတအဖွဲ့ဖြစ်သည့် We Love Yangon က အိမ်အရောက် ပံပိုးကူညီရောင်းချပေးလျက်ရှိရာ သင်္ကြန်ကာလတွင်လည်း နားရက်မယူဘဲ ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

We Love Yangon ဦးဆောင်အဖွဲ့ဝင် ကိုစန်းမောင်မောင် က “ အခြေခံစားသောက်ကုန်တွေကို ပက်ကေ့ချ် ( ၃ ) မျိူးဖြင့် ရောင်းချပေးပါတယ်။ သင်္ကြန်ကာလမှာလည်း ရောင်းချပေးသွားမယ်။ နားလို့မရပါဘူး အဲ့ဒီရက်တွေမှာ ပိုပြီးလိုအပ်ပါလိမ့်မယ်” ဟု ပြောကြားသွားသည်။

 

အခြေခံစားသောက်ကုန် ပက်ကေ့ချ်များကို ကြိုက်နှစ်သက်သဖြင့် ကုမ္ပဏီများနှင့် လုပ်ငန်းများမှ ၎င်းတို့၏ ဝန်ထမ်းလုပ်သားများကို ထောက်ပံပေးရန် အော်ဒါမှာယူမှု များရှိနေသည်။ ထိုသို့မှာယူရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိသည်။

 

ငွေကျပ် တစ်သောင်းခြောက်ထောင်တန် ပက်ကေ့ချ့် ( A ) တွင် ဧည့်မထဆန် ( ၆ ) ပြည်၊ နေကြာဆီ (၅၀) ကျပ်သား ( ၁ ) ဗူး၊ ကြက်သွန်နီ ( ၁ ) ပိသာ၊ ငါးသေတ္တာ ( ၅ ) ဗူး၊ ကော်ဖီမစ်နှင့် ကွေကာအုပ် ( ၅ ) ထုပ်စီ ၊ ကြက်ဥ ( ၁၀ ) လုံး၊ ငရုပ်သီးမှုန့် ( ၁ ) ထုပ်၊ အသင့်စားခေါက်ဆွဲခြောက် ( ၅ ) ထုပ်တို့ ပါဝင်သည်။

 

ငွေကျပ်တစ်သောင်း နှစ်ထောင်တန်ပက်ကေ့ချ် ( B ) တွင် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကော်ဖီမစ်နှင့် ကွေကာအုပ်၊ ကြက်ဥ၊ ငရုပ်သီးမှုန့်တို့ပါဝင်သည်။

 

ငွေကျပ်တစ်သောင်းတန် ပက်ကေ့ချ့် ( C ) တွင် ဆန် ၊ ဆီ ၊ ကြက်သွန်နီ ၊ ငရုပ်သီးမှုန့် တို့ပါဝင်ပြီး ပက်ကေ့ချ်  ( B ) နှင့် ( C ) ကိုဝယ်ယူမှုများကြောင်း သိရသည်။

 

ပက်ကေ့ချ် အလိုက် ဝယ်ယူလိုသူများအနေဖြင့် We Love Yangon Facebook Page ရှိ သက်ဆိုင်ရာ မြို့နယ်အလိုက် ဖုန်းနံပါတ်များနှင့် Messenger မှတစ်ဆင့် ချိတ်ဆက် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူရ