ဟားခါး ၁၁ ဧပြီ
ချင်းပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံ စားကုန် (၅)မျိုးကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ထောက်ပံ့ပေးလျက်ရှိရာ ကျန်ရှိနေသေးသော အိမ်ထောင်စုများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အခြေခံစားကုန်ပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေး၊ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အိမ်တိုင်ရာရောက် ပို့ထောက်ပံ့ ပို့ဆောင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဖွဲ့စည်းတာဝန်ပေးထားသည့် ဝယ်ယူပို့ဆောင်ရေးအဖွဲ့က မော်တော်ယာဉ်များဖြင့် ဝယ်ယူသယ်ဆောင်လာသော အခြေခံစားကုန်များကို ဟားခါးမြို့ ဟားခါးထာရ် ရပ်ကွက်ရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦးတွင် ခွဲဝေနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဦးဝီကောနှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ရောက်ရှိလာသော အဆိုပါအခြေခံစားကုန်များကို ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ရပ်ကွက်နှင့်ကျေးရွာ အသီးသီးတွင်ဖွဲ့စည်းထားရှိသည့် အဖွဲ့ငယ်များဖြင့် အိမ်အရောက် စနစ်တကျ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)


