မန္တလေး ၁၁ ဧပြီ    

             

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ခြောက်သိန်းခွဲကျော်အတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို ဧပြီလ ၁၀ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက  မန္တလေးတိုင်းဒေသကြီး ‌ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်အတွင်း ရပ်ကွက်များသို့ သွားရောက် ကွင်းဆင်း၍ လိုက်လံထောက်ပံ့ဝေငှ ပေးခဲ့သည်။

           

"   ဧပြီလ ၁၀ ရက်နေ့မှ စတင်ထောက်ပံ့ပေးနိုင်ဖို့ ဧပြီလ ၈ ရက်နေ့မှာပဲစပြီး အလျင်အမြန် စီစဉ် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ယခင်ကတည်းကလည်း စာနပ်ရိက္ခာနဲ့ပတ်သက်ပြီး ကြိုတင်စီစဉ် စုဆောင်းထားရှိပြီး ဖြစ်တဲ့အတွက် သိပ်ပြီးတော့ ခက်ခက်ခဲခဲမရှိဘဲ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆီကတော့ ပီပါလိုက်လာတဲ့အတွက် ၅၀ ကျပ်သားစီ ပြန်ထည့်ရတာမို့ ကြန့်ကြာမှုတွေ အနည်းငယ်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အခြေခံလူတန်းစား ခြောက်သောင်းခြောက်ထောင်ကျော် အတွက်  ထောက်ပံ့မှု ပမာဏအနေနဲ့ကတော့ ၉ ဒသမ ၂ ဘီလီယံလောက်တော့ ရှိပါမယ်။ သတ်မှတ်ထားတဲ့ အခြေခံအချက် (၃၀)နဲ့ စိစစ်ကောက်ခံပြီး ထောက်ပံ့မှု ပေးခဲ့တာပါ" ဟု မန္တလေးတိုင်းဒေသကြီး ​​ခေ တ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

           

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် သင်္ကြန်ရုံး ပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ပိသာ၊ ကြက်သွန်နီ ၁ ပိသာ ထောက်ပံ့ပေးခဲ့ပြီး မန္တလေးခရိုင်တွင် အိမ်ထောင်စု ၁၆၇၇၁၀ စု၊ ပြင်ဦးလွင်ခရိုင်တွင် ၁၀၈၅၄၀စု၊ ကျောက်ဆည်ခရိုင်တွင် ၉၉၆၃၇ စု၊ မိတ္ထီလာခရိုင်တွင် ၈၈၆၉၇ စု၊ မြင်းခြံခရိုင်တွင် ၉၆၆၂၁ စု၊ ရမည်းသင်းခရိုင်တွင် ၄၄၂၆၈ စု၊ ညောင်ဦးခရိုင်တွင် ၅၄၄၅၀ စု၊ စုစုပေါင်း ၇ ခရိုင်မှ အိမ်ထောင်စုပေါင်း ၆၅၉၉၂၃ စုရှိပြီး သက်ဆိုင်ရာခရိုင်အလိုက် ဆောင်ရွက်နေသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖပြည်သူများက စာရေရိက္ခာထောက်ပံ့မှု အစီအစဉ်တွင် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

                

ထိပ်ထားနိုင်