လပွတ္တာ  ၁၁   ဧပြီ  

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်က လပွတ္တာမြို့သို့ ရောက်ရှိခဲ့ပြီး သကျမာရဇိန် ဆုတောင်းပြည့်ဘုရားကြီးနှင့် အောင်တော်မူ စေတီတော်မြတ်ကြီးတို့၏ ရင်ပြင်တော်တွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ကုသရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုပြီး ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ် ကာကွယ်ရေးစခန်း ဖြစ်သော အထက(၃)မိုင် ကျောင်းသို့ စောင့်ကြည့်လူနာများထားရှိမှုအခြေအနေနှင့် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများလှည့်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး စည်ပင်သာယာရေးဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွေးနဒီခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ  အခမ်းအနား တက်ရောက်ရာ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် လပွတ္တာ(၃)မိုင် ခုတင်(၂၀ဝ)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအိသန္တာထွေးက ကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေကျပ် သိန်း ၁၂၀ နှင့် ပစ္စည်းများကို ပေးအပ်ခဲ့ရာ မြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး လပွတ္တာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း လှူဒါန်းသော ကျပ် (၂၆၈) သိန်းကျော်တန်ဖိုးရှိ အလှူငွေနှင့်ပစ္စည်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Unicef တို့ ပူးပေါင်း၍ လက်ဆေးဘေစင်အလုံး(၄၀)နှင့် ဆက်စပ်ပစ္စည်းများကို စည်ပင်ဝန်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းကျော်မြင့်(ခရိုင် ပြန်/ဆက်)