မယ်စဲ့ ၁၁ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ငါးမျိုးဖြစ်သော ဆန်ရှစ်ပြည်၊ ဆီ ၅၀ကျပ်သား၊ ဆား၅၀ကျပ်သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာတို့ကို ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါ ထောက်ပံ့မှုကို ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဟိုစဲ့ကျေးရွာတစ်ရွာလုံး မယူကြောင်း မယ်စဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဟိုစဲ့ကျေးရွာရှိ ပြည်သူများအနေဖြင့် အလုပ်အကိုင်အဆင်ပြေပြီး စားဝတ်နေရေးအဆင်ပြေသည့်အတွက် အဆင်မပြေသည့် အခြားကျေးရွာများ၊ အမှန်တကယ် လိုအပ်ချက်ရှိနေသည့် အိမ်ထောင်စုများကို ဦးစားပေးလိုသည့် ဆန္ဒကြောင့် ကျေးရွာတာဝန်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် ကော်မတီဝင်(၇)ဦး၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံ စားသောက်ကုန်များကို တစ်ရွာလုံးမယူခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနေမျိုးကျော်က ပြောကြားသည်။
ဝတ်ရည်(ပြန်/ဆက်)


