မုံရွာ ၁၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်ဇနီးတို့နှင့် အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊မြို့နယ်တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာအကယ်ဒမီကျောင်း၌ ကျင်းပပြုလုပ်သော သီတဂူဆရာတော်ကြီး အရှင်ဉာဏိသရမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် PPE ဝတ်စုံ၉၀ဝလှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သီတဂူဆရာတော်ကြီးအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သီတဂူဆရာတော်ကြီးမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသည့် မြို့နယ်များတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ကြောင်း မိန့်ကြားကာ PPE ဝတ်စုံ၉၀ဝ ကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရပ်ကွက်သို့ ရောက်ရှိပြီး အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စသည့်ပစ္စည်း(၅)မျိုးအား အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


