မိုင်းယောင်း ၁၁ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သည့် အခြေခံ စားသောက်ကုန် ငါးမျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြန်သွန်နီတို့ကို ဧပြီလ ၁၁ ရက်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။
အခြေခံစားသောက်ကုန် ထောက်ပံ့ပေးခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်းပါဝင်မှုဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုဝင်များအနေဖြင့် သင်္ကြန်ပိတ်ရက်ရှည် ကာလအတွင်း အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် ဆန်(၈)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီတစ်ပိဿာတို့ကို ထောက်ပံ့ပေးရာ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အဖွဲ့ခွဲကာ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၄၆၁ စုရှိသည့်အနက် ပထမနေ့အဖြစ် ဧပြီ ၁၁ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စု ၉၃ စုနှင့် ဝမ်ဘိုးအုပ်စု၊ ဝမ်တပ်အုပ်စု၊ ဝမ်မန်းအုပ်စု၊ ဟောင်ကြန့်အုပ်စုနှင့် ပါဟုတ်အုပ်စုတို့အတွင်းရှိ အိမ်ထောင်စုပေါင်း ၁၄၉ စုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကာ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ ကျန်ရှိမှုမရှိစေရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အားချာ(ပြန်/ဆက်)


