သထုံ ၁၁ ဧပြီ

 

မွန်ပြည်နယ်၊ သထုံမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင် ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များပူးပေါင်း၍ ဧပြီလ ၁၀ ရက်၊ ည ၈ နာရီက ပြည်ထောင်စုလမ်းမကြီးနှင့် သထုံမြို့တွင်းအဓိကလမ်းများကို ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် သထုံမြို့နေ ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို လျော့ကျစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်း ဖြစ်ကြောင်း သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောသည်။

 

"ဒီဆေးတွေကို ဒီနေ့တော့ အနှိုင်းမဲ့မေတ္တာသွေးနဲ့ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း(သထုံ)က စီစဉ်လှူဒါန်းတာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ သုံးရက်ကိုတစ်ကြိမ်လောက် လုပ်ချင်တယ်။ ဒီက တာဝန်ရှိသူတွေအားလုံးက မြို့အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသလို မြို့ကစေတနာရှင် တွေကလည်း ပူးပေါင်းဖြည့်ဆည်းပေးနေကြပါတယ်။ ဒါကြောင့် မြို့ကပြည်သူတွေကလည်း သက်ဆိုင်ရာက ညွှန်ကြားချက်တွေကိုလိုက်နာပြီး မြို့ကြီး ဘေးကင်းအောင် ကူညီကြစေချင်တယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

 

ထိုသို ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေး ပရဟိတလုပ်အားရှင်များက ဆေးဖျန်းမီးသတ်ယာဉ်နှင့် ဆေးဖျန်းပုံးများဖြင့် သထုံ-မော်လမြိုင်၊ သထုံ-ဘားအံ အဝေးပြေး ပြည်ထောင်စုလမ်းမကြီးများနှင့် မြို့တွင်းလမ်းအားလုံးတို့ကို ပိုးသတ်ဆေးလိုက်လံဖျန်းပေးခဲ့ကြသည်။

 

မြို့တွင်းပိုးသတ်ဆေးဖျန်း လုပ်အားရှင်များအား သထုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဖြည့်ဆည်းအားပေးခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)