ဘားအံ ၁၁ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၉)ရက်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၃၀ဝ) အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးကို ဧပြီလ(၁၁)ရက်နေ့၊ နံနက်(၈)နာရီက အဆိုပါအမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိအမှတ်(၃)မူလတန်းလွန်ကျောင်းတွင် အခြေပြု၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်ချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခမဲ့ဖြန့်ဝေပေးနေခြင်း အစီအစဉ်အရ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိထောင်စု(၂၀ဝ)အတွက် အိမ်ထောင်စု တစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ကြက်သွန်နီ(၁)ပိဿာကို ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်၊ ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သတင်း- နေမျိုးလွင်(ပြန်/ဆက်)
ဓါတ်ပုံ - ဖြိုးဝေဆက်


