ညောင်ရွှေ ၁၁ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ရှိ ကံသာရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ နန်းပန်ရပ်ကွက်နှင့် သာစည်ရပ်ကွက်တို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်များကို ဧပြီ ၁၁ ရက် နံနက်ပိုင်းမှစတင်၍ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက် လေးရပ်ကွက်သည် နိုင်ငံတော်မှ ထောက်ပံ့ကူညီမှု (၅)မျိုးကို ရယူခြင်းမပြုဘဲ နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်နေသည့် အခြားကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း၊ ဒေသခံ စေတနာရှင်အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများ၏ အချင်းချင်း ရိုင်းပင်းကူညီ ထောက်ပံ့လှူဒါန်းမှုများဖြင့်သာ အခြေခံလူတန်းစား အိမ်ထောင်စုများကို ယခုကဲ့သို့ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အခြေခံစားသောက်ကုန်များ ပေးအပ်ရာတွင် ကံသာရပ်ကွက်၌ အိမ်ထောင်စု ၁၁၀၊ မင်္ဂလာရပ်ကွက်၌ အိမ်ထောင်စု ၁၆ စု၊ နန်းပန်ရပ်ကွက်၌ အိမ်ထောင်စု ၄၀၊ သာစည်ရပ်ကွက်၌ အိမ်ထောင်စု ၁၆၂ စုသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေမျိုးသူရိန်